ဝါဆိုလ မြတ်လေးပန်းနှင့်ကျန်းမာရေး

ဝါဆိုလ မြတ်လေးပန်းနှင့်ကျန်းမာရေး

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ပါဝင်သည်။ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလဖြစ်သည်။ မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က အလွန်မွှေးလှသော မြတ်လေးပန်းအား ဝါဆို၏ရာသီပန်းအဖြစ် သတ်မှတ်ထားကြသည်။ ပန်းအဘိဓာန်တွင် မြတ်လေးပန်းကို ဇွဲသတ္တိရှိခြင်းအစွမ်းနှင့်ယှဉ်တွဲထားသည်ကို တွေ့ရပါသည်။ မူလပေါက်ရာအရပ်မှာ ဟိမဝန္တာတောင်၏ အနောက်မြောက်ဘက်ဒေသဖြစ်သည်။ မြတ်လေးပင်သည် ချုံနှင့်နွယ် မျိုးဝင်ဖြစ်ပြီး မျိုးစိတ်ပေါင်း ၁၀၁ မျိုးခန့်ရှိကြောင်း သိရသည်။

တော်ဝင်ပန်း

မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ်တစ်လျှောက်လုံးတွင် မြတ်လေးပန်းအဆီကို နန်းတွင်းသုံး ခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုးအသုံးပြုကြကြောင်း လေ့လာမှတ်သားရပါသည်။ မြတ်လေးပန်း၏ ထူးခြားချက်မှာ အပွင့်ကို ဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင်တည်ပါသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဣန္ဒြေသိက္ခာထိန်းသိမ်းကြရာ၌ “မြတ်လေးပန်းလိုကျင့်” ဟု ပမာနှိုင်း၍ ဆိုကြသည်။

အပင်၏ပုံသဏ္ဌာန်

မြတ်လေးပင်တို့ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် အလှစိုက်ပျိုးလေ့ရှိကြသည်။ မြတ်လေးပင်မှာ အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့် အနီရောင်ဟူ၍ အရောင်လေးမျိုးရှိပြီး အဖြူ၊ အနီစပ်နှင့်အနီရောင်တို့မှာ ပုံသဏ္ဌာန်ထင်ရှားသည်။

  • အဝါရောင်မြတ်လေးပင်သည် နွယ်မျိုးဖြစ်၍ လုံးပတ်မှာ ၄ - ၅ လက်မမျှရှိသည်။ အကိုင်းအခက်များ ကောက်ကောက် ကွေးကွေးရှိသည်။ အရွက်သည် ၄ လက်မမှ ၆ လက်မအထိရှည်သည်။ ရွက်ရိုးတံနှစ်ဖက်စုံထွက်လျက်ရှိပြီး ၄ စုံမှ ၆ စုံ အထိ ထွက်သည်။ အဖျားချွန်းသည်။ အပွင့်မှာ အလွန်မွှေးသည်။ အဝါရောင်အပွင့်များပွင့်၍ ကဆုန်လတွင် အသီးသီးကြသည်။
  • အဖြူရောင်မြတ်လေးပင်သည် နူးညံ့သောနွယ်ပင်မျိုးဖြစ်သည်။ ၎င်းအရွက်များသည် လိမ်ကောက်၍နေပြီး ၁၃ ပေမှ ၁၅ ပေအထိ နွယ်တက်သည်။ ရွက်လွှဲထွက်၍ သေးသွယ်သောအရွက်များထွက်ရှိသည်။ အပွင့်သည် အဖြူရောင်ရှိ၍ အနည်းငယ် ပျော့ပျောင်းသည်။ မြတ်လေးအနီပွင့်နှင့် သဏ္ဌာန်တူသော်လည်း မြတ်လေးအဖြူက သေးငယ်သည်။ လုံးဝန်းသော အသီးသီး သည်။
  • အနီစပ်ရောင်မြတ်လေးပင်သည် ချုံပင်ဖြစ်သည်။ အရွက်မှာ ထိပ်ဖျားချွန်း၍ လက်မခွဲမှ ၂ လက်မအထိရှည်သည်။ အရွက် အစွန်းသုံးခုရှိသည်။ အရွက်ခပ်ကျဲကျဲထွက်သည်။ အပွင့်မှာ မြတ်လေးအဖြူကဲ့သို့ပွင့်သည်။ အစိမ်းရင့်ရောင်အရွက်မှာ အနည်းငယ်ထူ၍ မျက်နှာပြင်ပြောင်သည်။ အနီရောင်မြတ်လေးပင်သည်လည်း အလားတူ အပင်မျိုးဖြစ်ပါသည်။

ဆေးဖက်ဝင်အာနိသင်

အပွင့်နှင့်အရွက်တို့ကို ဆေးဝါးအလို့ငှာ အသုံးပြုနိုင်ပါသည်။

  • မြန်မာ့ဆေးကျမ်းတွင် “မြတ်လေးပင်သည် ဖန်၊ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ်၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို  ငြိမ်းစေတတ်၏” ဟု ညွှန်းဆိုထားသည်။
  • မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏ အကျိုးကို သီရိရာဇေန္ဒြသေန ရသေ့စီရင်သည့် ဒြဗျဂုဏ်ဆေးကျမ်းတွင် “မုလေးပန်း သည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏ အမုံအကင်းသည် မျက်စိနာနှင့် သင့်၏။ ထိုမုလေးရွက်သည် သလိပ်သည်းခြေကိုနိုင်၏” ဟု ဆိုထားသည်။
  • ဆေးဖက်ဝင်အပင်များ ဆေးကျမ်းတွင် မြတ်လေးပန်းနှင့်ပတ်သက်၍ ဆေးစွမ်းထက်မြက်ပုံတို့ကို “စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ငြိမ်စေခြင်း၊ အရိုးကင်ဆာနှင့် ရင်သားကင်ဆာ၊ မျက်စိကျိန်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အသားအရေခြောက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိအားများခြင်းတို့အတွက် အသုံးပြုနိုင်၏” ဟု ဖော်ပြ ထားသည်။
  • အိန္ဒိယဆေးကျမ်းများတွင် “မြတ်လေးပန်းသည် စူးရှခါးသီးပြီး စူးရှသောအရသာရှိ၏။ ခံတွင်းရောဂါ၊ ခေါင်းကိုက်ခြင်း၊   ပန်းနာရင်ကျပ်၊ သွားပိုးစားခြင်း၊ ပါးစပ်ရောင်ခြင်း၊ မျက်စိရောဂါများအတွက် အလွန်အသုံးဝင်၏။ သွားကိုက်ခြင်း၊ ယားယံခြင်းနှင့် နားကိုက်ခြင်းတို့အတွက်လည်း အလွန်ကောင်းမွန်၏။ သွေးရောဂါ၊ နူနာ၊ အနာအမျိုးမျိုးတို့အတွက် အပင်၏ အမြစ်သည် ဆေးစွမ်းထက်၏။ အရက်နာကျခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ လေငန်း၊ ဒူလာရောဂါတို့ အတွက် ကောင်း၏။ အနီရောင်ပန်းပွင့်ကို ဆိုးဆေး၊ သုတ်ဆေး အလို့ငှာသုံးနိုင်၏။ မြတ်လေးပန်း အဆီသည်ခါး၏။ သက်ကြီး ရွယ်အိုများအတွက် ကောင်းမွန်၏။ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ အရေပြားကို ပျော့ပျောင်းစေခြင်း၊ ဦးနှောက်ကို အားပြုစေခြင်း၊ အရိုးအဆစ် ကျန်းမာစေခြင်းအတွက် အသုံးတည့်၏။ ထို့ပြင် နားကိုက်လျှင် မြတ်လေးဆီဖြင့် နားကျပ် နိုင်၏။ ခါးသောအပင်အမြစ်ကို အခြောက်ခံအမှုန့်ပြု၍ ရေဖြင့်သောက်လျှင် အူတွင်းရှိ တုတ်ကောင်၊ သံကောင်များကို သေစေ၏” ဟု  အကျယ်တဝင့် ရေးသားထားပါသည်။
  • မြတ်လေးပန်းသည် အနံ့ရှူရုံမျှဖြင့် အမူးအမော်ကို ပြေစေသောအာနိသင်ရှိသည်။ ချွေးထွက်လွန်ခြင်း၊ မူးဝေခြင်း၊ မောပန်း ခြင်းများအတွက် မြတ်လေးပန်းပွင့်ကို ရှူပေးခြင်းဖြင့် သက်သာစေပါသည်။
  • မြတ်လေးပွင့် သုံးပွင့်ကို နှမ်းဆီဖြင့်ကြိတ်၍ ရှူပေးလျှင် ခေါင်းကိုက်ရောဂါပျောက်ကင်းစေနိုင်သည်။
  • အရွက်ကိုပြုတ်၍ နှုတ်ငုံဆေးအဖြစ် ငုံပေးပါက သွားကိုက်သွားနာ ပျောက်ကင်းသည်။
  • အဝါရောင်ပွင့်သော မြတ်လေးပင်၏ အရွက်ကို ကျို၍သောက်လျှင် ချောင်းဆိုးရောဂါ ပျောက်ကင်းစေပါသည်။ ၎င်းအပင်၏ အရွက်ကို အပူပေး၍ ရလာသောပေါင်းခံရည်ကို ယားနာ၊ ပွေးနာများတွင် လိမ်းပေးလျှင် သက်သာစေပါသည်။ ၎င်းအပင် တစ်ပင်လုံး (ပဉ္စငါးပါး-အမြစ်၊ ပင်စည်၊ အကိုင်း၊ အရွက်၊ အဖူးအပွင့်)တို့ကို ဆီနှင့်ချက်၍ရလာသော အဆီဖြင့် လိမ်းကျံ နှိပ်နယ်ပေးလျှင် အဆစ်ရောင်ရောဂါများ ပျောက်ကင်းစေပါသည်။
  • မြတ်လေးပန်းခြောက်ကို နှမ်းဆီတွင်စိမ်ထားပါ။ အဆိုပါဆီကို နားတွင်းကျပ်ပေးပါက နားပြည်ယိုရောဂါ ပျောက်ကင်း စေသည်။
  • နှလုံးရောဂါ၊ အမောရောဂါများအတွက် ဖော်စပ်သောဆေးဝါးများတွင် မြတ်လေးပွင့်ကိုထည့်သွင်း ဖော်စပ်ကြသကဲ့သို့ သွေးဆေးအေးများ ဖော်စပ်ရာတွင် ဆေးမယ်အဖြစ် ထည့်သွင်းဖော်စပ်လေ့ရှိပါသည်။
  • အိပ်မပျော်ရောဂါရှိသူများအနေဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေရန် မြတ်လေးပန်းခြောက်မှုန့်ကို ပျားရည်တွင်စိမ်၍ ညအိပ်ရာ ဝင်ခါနီးတွင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏသောက်သုံးပါ။
  • အဖြူရောင်ပွင့်သော မြတ်လေးပင် ပဉ္စငါးပါး အလေးချိန် ၅ ကျပ်သားနှင့်ရေသန့် ၅၀ ကျပ်သား တို့ကို ထက်ဝက်ခန်းအောင် ကျိုချက်၍ သောက်ပေးခြင်းဖြင့်  မီးယပ်ချုပ်ခြင်းကို ပျောက်ကင်းစေပါသည်။

အချုပ်အားဖြင့်ဆိုသော် ခါတော်မီ မြတ်လေးပန်းတို့ လှိုင်လှိုင်ပွင့်ကြရာ ဝါဆိုလရာသီတွင် မွန်မွန်မြတ်မြတ် ဘုရားလည်းလှူကာ ဆံကေသာထက် ဆင်မြန်းကြရင်း ဆေးဝါးအလို့ငှာ အလိုရှိသလို သုံးစွဲနိုင်ကြပါကြောင်း အကြံပြုလိုက်ပါရစေ။   ။

ပေါက်ပေါက်