အမေရိကန်က ယူကရိန်းကို ထောက်ပံ့နေမှု ဒေါ်နယ်ထရမ့် အပြစ်တင်

အမေရိကန်က ယူကရိန်းကို ထောက်ပံ့နေမှု ဒေါ်နယ်ထရမ့် အပြစ်တင်

လက်ရှိအမေရိကန် အစိုးရက ယူကရိန်း ပဋိပက္ခတွင်   စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှုအတွက် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အပြစ်တင် ဝေဖန်လိုက်ကြောင်း သိရသည်။

ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်အနေဖြင့် ငွေကြေးများ၊ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် ကိုယ်တိုင်ပြဿနာများနှင့်    ရင်ဆိုင်နေရကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

ထို့ပြင် ယင်းကဲ့သို့ ထောက်ပံ့ပေးမှုကို အမေရိကန်ထက် ထိုပဋိပက္ခ၏ ရိုက်ခတ်မှုကို   အဆိုးဆုံးခံစားရမည့်  ဥရောပကသာ လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းကဆက်ပြောသည်။

၎င်းအနေဖြင့်   သမ္မတတာဝန်ကို ထမ်းဆောင်စဉ် ယခုကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကြောင့်  NATOအဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကို  ကာကွယ်ရေးအတွက် တိုးမြှင့်အသုံးပြုရန် တိုက်တွန်းခြင်းဖြစ်ကြောင်း၊  ထိုစဉ်က ဥရောပသည်   အမေရိကန်အပေါ် အခွင့်ကောင်းယူခဲ့ကာ ယခုယူကရိန်းအရေးတွင်လည်း ထိုကဲ့သို့ အခွင့်ကောင်းယူလာကြောင်း ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၃ ရက်တွင် ဖလော်ရီဒါပြည်နယ်ရှိ ကျောင်းပွဲတော်တစ်ခု၌ ပြောသည်။

ယခုဖြစ်ပွားသည့်    ရုရှား-ယူကရိန်း ပဋိပက္ခ၌   အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့ပေးမှု ပမာဏစုစုပေါင်းမှာ ဒေါ်လာ ဘီလီယံ ၆၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သို့သော် ထိုပဋိပက္ခမှ နောက်ဆက်တွဲ အကျိုးဆက်ကို အမေရိကန်ထက် ပိုခံစားရမည့် ဥရောပက   ယူကရိန်းသို့ထောက်ပံ့မှုမှာ အမေရိကန်၏ အစွန်အဖျားလောက်ပင်ရှိကြောင်း ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောသည်။

အလားတူ အမေရိကန်နိုင်ငံ အနေဖြင့် အကြွေးဒေါ်လာ  ၃၅  ထရီလီယံ ရှိနေသည့်ကြားမှ ယခုကဲ့သို့ ထောက်ပံ့ပေးနေခြင်းသည် နိုင်ငံကို ပြဿနာများစွာနှင့် ရင်ဆိုင်စေခြင်းဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောထားသည်ဟု သိရသည်။