ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဝန်ထမ်းရှားပါးမှု အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ

ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဝန်ထမ်းရှားပါးမှု အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရ

    ဗြိတိန်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအနေဖြင့် ဝန်ထမ်းရှားပါးမှု အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း လွှတ်တော်ကော်မတီ တစ်ခုက ဇူလိုင် ၂၅ ရက်တွင်ထုတ်ပြန်ထားသည်။

ယခုရင်ဆိုင်နေရသည့် ကျန်းမာရေး ဝန်ထမ်းရှားပါးမှု အခြေအနေသည် သမိုင်းတစ်လျှောက်  အဆိုးဆုံးဖြစ်ကြောင်းနှင့် ထိုအခြေအနေသည် လက်ရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာများ၏ ဘေးကင်းစိတ်ချရမှုကို စိန်ခေါ်နေကြောင်း ကျန်းမာရေးဝန်ကြီးဟောင်း ဂျယ်ရမီဟန့်က ပြောသည်။

ထို့ပြင်   ဗြိတိန်အစိုးရ အဆက်ဆက်အနေဖြင့် ယခုကဲ့သို့ ကျန်းမာရေးဝန်ထမ်း ရှားပါးနိုင်မှု အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားသည့်  ရေရှည်စီမံကိန်း မရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အလုပ်ကြွေးကျန်အဖြစ် ဆေးရုံများတွင် ကုသမှုခံယူရန် စောင့်ဆိုင်းနေရသည့် လူနာအရေအတွက် ခြောက်သန်းခွဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယခုနှစ်မတ်လအထိ ကျန်းမာရေး ဝန်ထမ်း လစ်လပ်နေရာ ၁၀၅၀၀၀ ကျော်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် လစ်လပ်နေရာ ၇၆၀၀၀ ကျော်ရှိရာမှ မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ အင်္ဂလန် တစ်နိုင်ငံတည်းမှာပင် ဆေးရုံများ၌ ဆရာဝန် အရေအတွက် ၁၂၀၀၀ ၊ သူနာပြုနှင့်သားဖွားဆရာမ ၅၀၀၀၀ ကျော် လိုအပ်နေကြောင်း ကျန်းမာရေးဌာနက ကောက်ယူ ထားသည့် စာရင်းဇယားများအရ  သိရသည်။