အမေရိကန်က ရုရှားကို အပြစ်တင်နေခြင်းထက် ယူကရိန်း ပဋိပက္ခငြိမ်းချမ်းရေးကိုသာ ရှေးရှုသင့်ဟု တရုတ်ပြော

 

အမေရိကန်က ရုရှားကို အပြစ်တင်နေခြင်းထက် ယူကရိန်း ပဋိပက္ခငြိမ်းချမ်းရေးကိုသာ ရှေးရှုသင့်ဟု တရုတ်ပြော

အမေရိကန်အနေဖြင့်  ရုရှားနိုင်ငံကို အပြစ်တင်ပြီး အကြမ်းဖက်မှု အားပေးသည့် နိုင်ငံစာရင်းသွင်းနေခြင်းထက် လက်ရှိဖြစ်ပွားနေသော ယူကရိန်း ပဋိပက္ခငြိမ်းချမ်းရေး အတွက်ကိုသာ   ရှေးရှုဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။

အမေရိကန်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခပြေငြိမ်းစေရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အခြေအနေကောင်း တစ်ခုကိုသာ ဖန်တီးသင့်ကြောင်းနှင့် ထိုပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းနိုင်စေရေး ရှေ့တိုးဆောင်ရွက် သင့်ကြောင်း ကျောင်းလီကျန်းက ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် ရုရှားနိုင်ငံကို အကြမ်းဖက် အားပေးနိုင်ငံအဖြစ် တံဆိပ်ကပ်နေခြင်းအပေါ်  အမေရိကန် တာဝန်ရှိသူများက မည်ကဲ့သို့ရှုမြင်သည်နှင့် ပတ်သက်၍ Tass သတင်းဌာန၏ မေးမြန်းချက်ကို ကျောင်းလီကျန်းက ယခုကဲ့သို့ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခုသာလျှင် ယူကရိန်းအရေး တင်းမာမှုများကို ပြေလျော့စေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု တရုတ်နိုင်ငံက ရှုမြင်ထားကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ဆက်ပြောသည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပီလိုဆီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့်  ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံကို အကြမ်းဖက် အားပေးနိုင်ငံအဖြစ်   မကြေညာပါက အောက်လွှတ်တော်က ကြေညာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး  အန်တိုနီဘလင်ကန်နှင့် တွေ့ဆုံစဉ်  အတင်းအကျပ် ဖိအားပေးထားသည်။

ယင်းကဲ့သို့   အမေရိကန်၏ အစီအစဉ်များကို ရုရှားအစိုးရက ဘဝင်မကျသော်လည်း တစ်ဖက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ယခုထက်ပိုဆိုးအောင် ဖန်တီးနိုင်မည့် အရာကို လုပ်ဆောင်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောထားသည်ဟု  သိရသည်။