မေရိကန် ရဟတ်ယာဉ်များက တောင်ကိုရီးယား၌ ကျည်စစ်ကျည်မှန်ဖြင့် စစ်ရေးလေ့ကျင့်

အမေရိကန် ရဟတ်ယာဉ်များက တောင်ကိုရီးယား၌ ကျည်စစ်ကျည်မှန်ဖြင့် စစ်ရေးလေ့ကျင့်

အမေရိကန်ကြည်းတပ်မှ အပါချီအမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအနေဖြင့် တောင်ကိုရီးယား၌ ကျည်စစ်ကျည်မှန် အသုံးပြု စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါစစ်ရေး လေ့ကျင့်မှုများကို ကိုရီးယားနှစ်နိုင်ငံ နယ်စပ်စစ်မဲ့ဇုန်မှ တောင်ဘက်ရှိ လေ့ကျင့်ရေးကွင်း၌ လုပ်ဆောင်ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှနေ၍ ဒုံးများ၊ သေနတ်များဖြင့်  ပစ်ခတ်လေ့ကျင့်ခြင်း ဖြစ်သည်။

ထိုလေ့ကျင့်ရေးကွင်းအနီး၌ နေထိုင်သူများက ဆူညံသံများနှင့် ဘေးကင်းစိတ်ချရမှုအတွက် စိုးရိမ်ရမှုများကြောင့် ကန့်ကွက်မှုများ ထွက်လာပြီးနောက် ပြီးခဲ့သည့်နှစ်များတွင် အဆိုပါလေ့ကျင့်မှုများကို မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် AH-64E v6 အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆောင်ရွက်သည့် စစ်ရေးလေ့ကျင့်ခန်း၌ ပါဝင်ပြီး ကျည်စစ်ကျည်မှန်များဖြင့်  ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် အမှတ်(၂)ခြေလျင်တပ်မဟာက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် လေယာဉ်အမှုထမ်းများသည် AGM-114 Hellfire ဒုံးကျည်၊ Hydra 70 ဒုံးသီးနှင့် ၃၀ မီလီမီတာ စက်အမြောက်တို့ကို ပစ်ခတ်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း ခြေလျင်တပ်မဟာ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တောင်ကိုရီးယားသမ္မတ အသစ်က မြောက်ကိုရီးယားကို ဟန့်တားသည့်အနေဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပုံမှန်အတိုင်း ပြန်လုပ်သွားမည်ဟု ကတိပြုပြီးနောက် ယခုစစ်ရေးလေ့ကျင့်ခန်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။