၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အောင်ချက်အကောင်းဆုံးဆုကို ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်း အခြေခံပညာ အထက်တန်းကျောင်းကရရှိ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အောင်ချက်အကောင်းဆုံးဆုကို ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်း အခြေခံပညာ အထက်တန်းကျောင်းကရရှိ

နေပြည်တော် ဇူလိုင် ၂၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူချွန်လူကောင်း သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်   ၃၂ ဒသမ ၅၀ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၇ ဒသမ ၁၈ ရာခိုင်နှုန်းရှိရာ ယခုနှစ် အောင်ချက်ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရကြောင်း၊ ယခုစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ရရှိနေသည့်အောင်မြင်မှုများကို ဆက်လက် ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာစေရေးနှင့် အဆင့်မြင့် ပညာရပ်များ ကို ဆတက်ထမ်းပိုး ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်တွင် အောင်ချက်အကောင်းဆုံး ဆုရရှိခဲ့သည့် တပ်ကုန်းမြို့နယ် တောင်ပို့သာ အခြေခံပညာ အထက်တန်းကျောင်းမှ အောင်ချက် အကောင်းဆုံးဒိုင်းဆုကို ပြန်လည်လွှဲပြောင်းပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံ ရယူပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အောင်ချက် အကောင်းဆုံးဆုရရှိခဲ့သည့် ဒက္ခိဏ သီရိမြို့နယ် ရွှေခဲအင်း အခြေခံပညာ အထက်တန်းကျောင်းကို ဒိုင်းဆု၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ၄ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိအောင် သင်ကြားပေး နိုင်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ၆ ဘာသာ ဂုဏ်ထူး ရရှိကြသည့် ကျောင်းသား/ကျောင်းသူ ၁၀ ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆု ငွေများကိုလည်းကောင်း ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်နှင့် အမြဲတမ်း အတွင်းဝန်တို့က ၆ ဘာသာ၊ ၅ ဘာသာ၊ ၄ ဘာသာ ဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး အစိုးရ အထက်တန်းကျောင်းများနှင့် မြို့နယ်များကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ကြသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်    ကျောင်းသား/ကျောင်းသူများ ကိုယ်စား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး တတိယရရှိသူ    ၆ ဘာသာဂုဏ်ထူးရှင် မရွှေခေတ်ပိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့်  သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ၅ ဘာသာ ၄၄ ဦး၊ ၄ ဘာသာ ၆၉ ဦး၊ ၃ ဘာသာ ၂၉၁ ဦး၊ ၂ ဘာသာ ၄၂၆ ဦး၊  ၁ ဘာသာ ၂၃၂၅ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၃၁၈၁ ဦးရှိပြီး အောင်ချက်အကောင်းဆုံးဆုရ အစိုးရအထက်တန်းကျောင်းသုံးကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) နှစ်ကျောင်း စုစုပေါင်း  ငါးကျောင်းနှင့် အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်သုံးမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။     

(သတင်းစဉ်)