ကိုယ်အလေးချိန်လျှော့ချစေနည်းများ

ကိုယ်အလေးချိန်လျှော့ချစေနည်းများ

လူတို့ရဲ့နေထိုင်မှုစနစ် ပြောင်းလဲကာ အထိုင်အလုပ်များလာတာနဲ့အမျှ ကိုယ်အလေးချိန်တိုးလာ၊ ဝလာစေတယ်။ ကိုယ်အလေးချိန် ထိန်းထားနိုင်တဲ့  နေ့စဉ်နာရီဝက်မှတစ်နာရီအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊  ရေကူး၊  စက်ဘီးစီးပြုသင့်တယ်။

နေ့စဉ်လေ့ကျင့်ခန်းနာရီဝက်မှတစ်နာရီပြုလုပ်သင့်

နေ့စဉ်လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီပြုလုပ်သင့်ပါတယ်။ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးတစ်ခုခု လုပ်သင့် ပါတယ်။ ပိုလျှံတဲ့အဆီတွေ ချွေးအဖြစ်စွန့်ပစ်လို့ အဆီအဖြစ်မစုဆောင်းနိုင်ဘဲ အဝလွန်ခြင်းကင်းစေတယ်။

နေ့စဉ်တရားရှုမှတ်သင့်

နေ့စဉ်တရားရှုမှတ်သင့်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ အစာစားချင်စိတ် ပိုဖြစ်တတ်ပါတယ်။ တရားမှတ်တာ၊ တရားထိုင်တာတွေက စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေတဲ့အပြင် အာရုံစိုက်မှုပိုမိုကောင်းမွန်စေပါတယ်။ နေ့စဉ် ၁၅ မိနစ်နာရီဝက်ကြာ တရားမှတ်ပေး သင့်ပါတယ်။

“ဝင်လေကိုသိ၊ ထွက်လေကိုသိ” ကာ အသိသတိမလွတ်တော့ဘဲ စိတ်အေးချမ်းပြီး အရာရာသတိကပ်လာနိုင်ပါတယ်။ အစာစားတဲ့ အခါမှာလည်း အရမ်းမစားသောက်သင့်ပါဘူး။

မတ်တတ်ရပ်ပြီးအလုပ်လုပ်သင့်

မတ်တတ်ရပ်ပြီးအလုပ်လုပ်သင့်ပါတယ်။အလုပ်လုပ်တဲ့အခါ ထိုင်ပြီးလုပ်တာထက်မတ်တတ်ရပ်ပြီးလုပ်တဲ့အခါ ကယ်လိုရီပမာဏ ၃၀ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းသွားစေနိုင်တယ်လို့ လေ့လာမှုအရသိနိုင်တယ်။ မတ်တတ်ရပ်လုပ်ရလို့ ကိုယ်တွင်း ဇီဝနာရီနှိုးစက် သွားနေတာဖြစ်လို့ ကြံဖန်လေ့ကျင့်ခန်း အထူးမလိုဘဲ ကိုယ်ရည်စစ်စေပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေစားသုံးသင့်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေစားသုံးသင့်ပါတယ်။  အစာစားတဲ့အခါဘာမှ သတ်သတ်မှတ်မှတ်မရှိဘဲ ကြုံရာစနပ်များဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ လမ်းဘေးထမင်း၊ ဟင်းတို့စားတာ ရှောင်သင့်ပါတယ်။ အသင့်အမြန် စားအစာတွေဟာ ပြည့်ဝဆီနဲ့ ပြင်ဆင်ထားတတ်လို့ အဆီများပြီး အဝလွန်စေပါတယ်။ အစာတွေကြုံသလိုစားတာထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေစားမယ်ဆိုရင် ပိုပြီးကျန်းမာရေးကောင်းမွန်စေတယ်။ အိမ်မှာပဲစိတ်တိုင်း ကျစားသောက်လေ့ ရှိသူဟာ အခြားသူတွေထက် ကျန်းမာကြပါတယ်။

အချိုလျှော့စားသင့်

အချိုလျှော့စားသင့်ပါတယ်။ ချိုလွန်းတဲ့အစာတွေ၊ သကြားများတဲ့အစာတွေက ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ လူတိုင်းသိကြတယ်။ မစားဘဲလည်းမနေနိုင်ပြန်ဘူး။ သကြားအစားများတဲ့အခါဆီးချိုသွေးချို၊ သွေးတိုးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်တတ်တာကြောင့် ဖြစ်နိုင်ရင် သကြားလျှော့စားစေချင်တယ်။

ထမင်းတစ်ဝက်စီခွဲစားသင့်ပါတယ်။ ထမင်းစားရင်ဖြစ်စေ၊ အဆာပြေမုန့်စားတဲ့အခါဖြစ်စေ၊ မစားခင်အစားအစာတွေ နှစ်ပိုင်းခွဲခြား ကာ တစ်ဝက်ကို အရင်စားပြီး နောက်တစ်ဝက်ကို ထပ်စားချင်သေးလားဆိုတာ ကိုယ့်ကိုယ် ကိုယ်ဆန်းစစ်ကြည့်သင့် ပါတယ်။ ဗိုက်ပြည့်နေပြီဆိုရင် ထပ်မစားသင့်ပါဘူး။

အသားလျှော့စားသင့်

အသားလျှော့စားသင့်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေက အသားများများ စားတဲ့သူတွေထက် ကိုယ်အလေးချိန်ကျပြီး အသား အရေကြည်လင်ကာကျစ်လျစ်သန်မာတဲ့ခန္ဓာကိုယ်အမျိုးအစားကိုပိုင်ဆိုင်ကြပါတယ်။ ပဲအမျိုးမျိုးစားသင့်ပါတယ်။

ဂရိတ်ဖရုသီးစားသင့်

ဂရိတ်ဖရုသီး စားသင့်ပါတယ်။ ဂရိတ်ဖရုသီးကို နေ့စဉ်ပုံမှန်စားပေးတာက ကိုယ်အလေးချိန်ကျဆင်းဖို့ ၅၈ ရာခိုင်နှုန်း သေချာစေ တယ်လို့ လေ့လာမှုအရသိရပါတယ်။ ဂရိတ်ဖရုသီးကို ဖျော်ရည်လုပ်သောက်တာဖြစ်စေ၊ အခွံနွှာပြီးစားတာဖြစ်စေ ကြိုက်နှစ်သက် သလိုလုပ်စားနိုင်ပါတယ်။

နွားနို့သောက်သင့်

နွားနို့သောက်သင့်ပါတယ်။ အဆီထုတ်ထားတဲ့နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ နေ့စဉ်သောက်ပေးပါက ကိုယ်အလေးချိန်ကျစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထားကြပါတယ်။ ကယ်စီယမ်ဓာတ်ကိုလည်း ရရှိစေတာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါ တယ်။

ဒိန်ချဉ်စားပေးသင့်

ဒိန်ချဉ်စားပေးသင့်ပါတယ်။ ဒိန်ချဉ်စားသုံးလို့ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်အတွင်းမှာ ရှိနေအောင် ထိန်းထားနိုင်တယ်ဆိုတယ်။   ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဗက်တီးရီးယားက အူလမ်းကြောင်း ကောင်းမွန်စေပါတယ်။

စွပ်ပြုတ်သောက်ပေးသင့်

စွပ်ပြုတ်သောက်ပေးသင့်ပါတယ်။ အစာမစားခင်စွပ်ပြုတ် တစ်ခွက်စားသောက်ပေးတာက အစာတွေအများကြီး မစားမိအောင် တားဆီးပေးတယ်။ စွပ်ပြုတ်တစ်ခွက်မှာ ရေပါဝင်မှုများတာကြောင့် အစာပိုမစားမိအောင် ထိန်းနိုင်ပါတယ်။

 

ဆားများတဲ့အစားအစာရှောင်သင့်

ဆားများတဲ့ အစားအစာရှောင်သင့်ပါတယ်။ အသင့်အမြန်စားအစာစနပ်တွေမှာ ဆားပါဝင်မှု များတတ်တာကြောင့် နေ့စဉ် စားသုံးမယ်ဆိုရင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါအပြင် ကိုယ်တွင်း ရောင်ရမ်းမှုတွေကြောင့် အဆစ်အမျက်နာကျင်ကိုက်ခဲတာ၊ အဝလွန်တာတွေဖြစ်လာနိုင်တယ်။ လမ်းဘေးအသင့်စာတွေ ဝယ်မစားဘဲ အိမ်မှာချက်ပြုတ်စားသင့်တယ်။

ရေများများသောက်သင့်

ရေများများသောက်သင့်ပါတယ်။ လေ့လာသူတွေတွေ့ရှိချက်အရ ရေနည်းနည်းသောက်လေ့ရှိသူတွေ၊ ရေများများ သောက်တဲ့သူတွေ ထက် ကိုယ်အလေးချိန်ပိုများတယ်လို့ သိရပါတယ်။ တစ်နေ့ကို အနည်းဆုံးရေရှစ်ဖန်ခွက် သို့မဟုတ် ရေ ၂ လီတာ ၃ လီတာ သောက်သုံးသင့်ပါတယ်။ အသားအရေလည်းလှပကာ ဇီဝဖြစ်စဉ်တွေ ပုံမှန်ဖြစ်စေပါတယ်။ ဝမ်းမှန်၊ ဆီးမှန်စေပါတယ်။

သွားတိုက်မပျင်းသင့်

သွားတိုက်မပျင်းသင့်ပါဘူး။ လူတွေသိတာက မနက်အိပ်ရာနိုးရင် သွားတိုက်တာပဲ အဓိကထားကြပါတယ်။ တကယ်တမ်း ညဘက် သွားတိုက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ အစာစားပြီး တိုင်းသွားကြားပွတ်ကြိုးနဲ့ သွားကိုသန့်စင်ပေးဖို့ မေ့နေတတ်ပါတယ်။ သွားပွတ် ကြိုးနဲ့သွားကို သန့်စင်တဲ့အခါ သွားဖုံးအောက်မှာရှိတဲ့ ဗက်တီးရီးယားတွေ ဖယ်ထုတ်ပေးနိုင်ပြီး နှလုံးသွေးကြောရောဂါ ခံစားရတာ တွေကနေလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အမွှေးရနံ့ရှောင်သင့်

အမွှေးရနံ့ ရှောင်သင့်ပါတယ်။ အရမ်းမွှေးကြိုင်လွန်းတဲ့ အလှပစ္စည်းတွေကိုအသုံးပြုတာ၊ ရေမွှေးအသုံးပြုတာက အစာစားချင် စိတ်ကိုဖြစ်ပေါ်စေပြီး ဗိုက်ဆာလာအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် မကြာခဏမစားမိစေဖို့ အမွှေးရနံ့ရှောင်သင့်ပါတယ်။

အားလပ်ရက်မှာခရီးတိုထွက်သင့်

အားလပ်ရက်မှာ ခရီးတိုထွက်သင့်ပါတယ်။ တစ်ပတ်လုံးအလုပ်တွေနဲ့ နပန်းလုံးနေပြီး ပိတ်ရက်ကြာရင် ပင်ပန်းလွန်းလို့ အိမ်အပြင် မထွက်ဘဲ အခန်းအောင်းနေမယ်ဆိုရင် လှုပ်ရှားမှုလည်းရှိမှာမဟုတ်ဘူး။ အားလပ်ရက်ရတဲ့အခါ မြို့ပြနဲ့ဝေးတဲ့ နေရာတွေကို  ခရီးထွက်ပေးသင့်တယ်။ လတ်ဆတ်တဲ့လေထုရဲ့ အငွေ့အသက်တွေရတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေလို့ ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။

ကိုယ်အလေးချိန်နေ့စဉ်တိုင်းတာ စစ်ဆေးသင့်

ကိုယ်အလေးချိန် နေ့စဉ်တိုင်းတာ စစ်ဆေးသင့်ပါတယ်။ လူတိုင်းဘီအမ်အိုင်၁၈ ဒသမ ၉-၂၄ ဒသမ ၉ အတွင်းရှိသင့်တယ်။ ဘီအမ်အိုင်ဆိုတာ အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း)နဲ့စားလို့ရတဲ့ ရလဒ်ဖြစ်လို့ အလေးချိန် ထိန်းထား သင့်ပါတယ်။ နေ့စဉ်အလေးချိန် ချိန်ကြည့်ကာ  ပိုမိုစားသုံးမယ့် အာဟာရအပေါ် လျှော့ပြီးစားသောက်စေပါတယ်။ ။

(ဒေါက်တာလွင်သန့်)