လူခုနစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူ အမျိုးသားအား ဂျပန်ကွပ်မျက်

လူခုနစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူ အမျိုးသားအား ဂျပန်ကွပ်မျက်

    ဂျပန်အစိုးရသည် လွန်ခဲ့သည့် ၁၄ နှစ် က တိုကျိုမြို့တွင် ဖြစ်ပွားခဲ့သည့် သွေးရူး သွေးတန်း တိုက်ခိုက်မှုတစ်ခုအတွင်း လူခုနစ် ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်  အမျိုးသား တစ်ဦးကို ဇူလိုင် ၂၆ ရက်တွင် ကွပ်မျက်လိုက်ကြောင်း     ဂျပန်မီဒီယာတစ်ခုက ဖော်ပြသည်။

တိုမိုဟီရို ကာတိုအမည်ရှိ အသက် ၃၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် တိုကျိုမြို့ရှိ အာကီဟာဘာရာခရိုင်အတွင်း လမ်းသွားလမ်းလာများအား ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက အလေးချိန်နှစ်တန်ရှိ မော်တော်ကားဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြသည်။ ယင်းနောက်တွင် တိုမိုဟီရိုသည် မော်တော်ကားပေါ်မှ ဆင်း၍ တွေ့သမျှလူများအား ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏တိုက်ခိုက်မှု အတွင်း လူခုနစ်ဦး သေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိသွားသည်။ ဓားဖြင့်ထိုးသတ် ခံရသူများအနက်တွင်  မော်တော်ကားဖြင့် ဝင်တိုက်ခြင်းခံရသည့် အမျိုးသားတစ်ဦး ပါဝင်ကြောင်း သိရသည်။

တိုမိုဟီရိုအား နောက်ပိုင်းတွင် လက်နက်ကိုင် ရဲတပ်ဖွဲ့တစ်ဦးက တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းသည် နိုင်ငံမြောက်ပိုင်းရှိ အာအိုမိုရီစီရင်စုတွင် ကြီးပြင်းလာသူဖြစ်ပြီး ဘဏ်လုပ်ငန်းရှင် တစ်ဦး၏သား ဖြစ်သည်။ ၎င်းသည် တစ်ဦးတည်းနေထိုင်ရခြင်းကို ငြီးငွေ့နေကြောင်း၊ ထို့ကြောင့် မည်သူကိုဖြစ်စေ  သတ်ဖြတ်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တိုမိုဟီရိုက ရဲတပ်ဖွဲ့အား နောက်ပိုင်းတွင် ဝန်ခံပြော ကြားခဲ့ကြောင်း သိရသည်။

ယခုလုပ်ချမှတ်ခဲ့သည့် သေဒဏ်ကွပ်မျက်မှုသည် လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ ဂျပန်အစိုးရလက်ထက်တွင် ဒုတိယအကြိမ်မြောက် ချမှတ်ခဲ့သည်  ကွပ်မျက်မှုဖြစ်ပြီး ပထမဆုံးသော ကွပ်မျက်မှုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ချမှတ်ခဲ့ကြောင်း သိရသည်။

Ref: The Guardian, NHK