အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါတို့နှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါတို့နှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၂၆

    အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်  သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက်ရောဂါတို့နှင့် ပတ်သက်၍ နှီးနွှယ်ဝန်ကြီး ဌာနများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါလှိုင်းကို လက်ရှိတွင် ထိန်းချုပ်ထားနိုင်သည့် အနေအထားတွင်ရှိသော်လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  ရောဂါပိုး BA.4 နှင့်  BA.5 ကူးစက်မှုများသည် ကမ္ဘာ့နိုင်ငံများ၊  ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် မြင့်တက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊  BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနည်း

ပြီး သေဆုံးမှုနည်းသော်လည်း ကူးစက်မှုနှုန်း   မြင့်မားကြောင်း တွေ့ရှိရသဖြင့်  ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ မျိုးရိုးဗီဇသစ် ရှာဖွေခြင်း (Genomic Sequencing) လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း။

ယခုအချိန်တွင် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများ၌ ရောဂါပိုးတွေ့နှုန်း မြင့်တက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းနှင့် ပတ်သက်သော  လုပ်ငန်းလမ်းညွှန်များကို ပြင်ဆင်မှုများပြုလုပ်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ပြီး တစ်ပြိုင်နက်တည်းတွင် ပြည်သူလူထု၏ လူမှုစီးပွားဘ၀ မထိခိုက်စေရန် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ရာသီတုပ်ကွေး ရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ရေး နည်းလမ်း များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် သဘောသဘာဝ အားဖြင့် တူညီသည့်အတွက် တစ်ဦးချင်း လိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ  စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မျောက်ကျောက်ရောဂါသည်  ယခင်က ဖြစ်ပွားလေ့မရှိသော နိုင်ငံများ (Non-endemic countries)၌ပါ ရောဂါပျံ့နှံ့လာသဖြင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of  International Concern) အဖြစ် ဇူလိုင် ၂၃ ရက်တွင်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက် ဖြစ်ပွားနိုင်ခြေ ဆန်းစစ်ချက် (WHO Risk  Assessment) အရ မြန်မာနိုင်ငံတွင်  လတ်တလော ရောဂါကူးစက်ဖြစ်ပွားသူ  မတွေ့ရှိရသေးပါသဖြင့် အုပ်စု(၁)တွင် ပါဝင်လျက်ရှိပြီး ပြည်ပနိုင်ငံများမှတစ်ဆင့် ရောဂါကူးစက် ဝင်ရောက်မှု  မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း။

 မိမိတို့၏ အိမ်နီးချင်းနှင့် ကူးလူးဆက်ဆံမှု များပြားရာ နိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံများတွင်  မျောက်ကျောက် ရောဂါဖြစ်ပွားသူများ တွေ့ရှိရသဖြင့် မျောက် ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို နှီးနွှယ်ဌာနများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း၊ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးရရှိရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့်သော် လည်းကောင်း၊ အာဆီယံ အဖွဲ့နှင့်သော် လည်းကောင်း  ချိတ်ဆက် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ  သတ်မှတ်ထားရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က မျောက်ကျောက်ရောဂါ နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှု များကို ရှင်းလင်းတင်ပြကြပြီး ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနည်းပညာဌာန၊  ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန၊  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက   မိမိတို့ဝန်ကြီးဌာန အလိုက် ပြင်ဆင်ထားရှိမှုများနှင့် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။