(၁၁)ကြိမ်မြောက် တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် ဇီဝကခန်းမ(မန်းရတနာပုံ) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
(၁၁)ကြိမ်မြောက် တိုင်းရင်းဆေး သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမ တိုင်းရင်း ဆေးတက္ကသိုလ် မန္တလေးမြို့၌ ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား နဝရတ် ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းရင်းဆေး သုတေသနပိုစတာများအား လှည့်လည်ကြည့်ရှုအားပေးကာ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယခုစာတမ်းဖတ်ပွဲတွင် သုတေသန စာတမ်းပေါင်း (၂၂) စောင်၊ ပိုစတာခြောက်စောင် တင်သွင်းဖတ်ကြားကြမည်ဖြစ်ပြီး နှီးနွှယ်ဝန်ကြီးဌာနများကလည်း စာတမ်းများ လာရောက်ဖတ်ကြား သွားကြမည်ဖြစ်ကာ အကောင်းဆုံး တိုင်းရင်းဆေး သုတေသနစာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းနှင့် ပိုစတာများမှ အရည်အသွေး အဆင့်မီသည့် သုတေသန စာတမ်းများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်-မန္တလေး၌ ကျင်းပသည့် ဇီဝကခန်းမ (မန်းရတနာပုံ)နှင့် Recreation Centreဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနား ပထမပိုင်း အစီအစဉ်အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီးနောက် အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဆေးတက္ကသိုလ်-မန္တလေးသည် နှစ်ပေါင်း(၆၈) နှစ်တာခရီးအတွင်း ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား များစွာကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း၊ ယခုဖွင့်လှစ်သည့် ဇီဝကခန်းမ (မန်းရတနာပုံ) စာသင်ဆောင်သည် လေးထပ်ဆောင်ဖြစ်ပြီး ဘွဲ့ကြို/ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေး၊ ကျန်းမာကြံ့ခိုင်ရေးကို များစွာ အထောက်အကူပြုကြောင်း။
ဆေးတက္ကသိုလ်-မန္တလေးကို အာဆီယံ နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပါ ရင်ပေါင်တန်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြော ကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တာဝန်ရှိသူများသည် သူနာပြုတက္ကသိုလ်-မန္တလေး ခြောက်ထပ် ပင်မဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနား ပထမပိုင်းအနေဖြင့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီးနောက် ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သူနာပြု တက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်က ခြောက်ထပ်ပင်မဆောင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခြောက်ထပ်ပင်မဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား သူနာပြု တက္ကသိုလ်-မန္တလေး ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။