နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့မျိုးသန့် ပွားများရေး ဆောင်ရွက်

နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့မျိုးသန့် ပွားများရေး ဆောင်ရွက်

နေပြည်တော်  ဇူလိုင် ၂၇  

နိုင်ငံတော်က ပြည်တွင်းစားသုံးဆီ ဖူလုံရေး နှင့် နိုင်ငံတကာ၏ စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီကို   ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း၊ စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီ အတွင်း ဆီထုတ်လုပ်မှု သိသာစွာ တိုးတက်စေရန် နေကြာသီးနှံကို စိုက်ဧက ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မျိုးစေ့ထုတ်လုပ်ရေးသည် အဓိက လုပ်ငန်းတစ်ခုဖြစ်သဖြင့် အထွက်ကောင်းမျိုး သုတေသန လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်  ဖြစ်ကြောင်း   ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပသည့် နေကြာသီးနှံ

တိုးချဲ့ စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့ မျိုးသန့်ပွားများရေး ဆောင်ရွက်မှု အခြေအနေရှင်းလင်း ဆွေးနွေးပွဲတွင်   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊   သုတေသန ပညာရှင်များ၊   မျိုးသန့်မျိုးပွားလုပ်ငန်း နှင့်    တောင်သူပညာပေး လုပ်ငန်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် တပ်ကုန်း စိုက်ပျိုးရေး သုတေသနခြံတွင် နေကြာမျိုးသန့် မျိုးပွားစိုက်ပျိုးနေမှု၊ ရေဆင်းနေကြာ-၁ မိဘလိုင်းများ မျိုးသန့်ထိန်းသိမ်းခြင်း လုပ်ငန်း၊  အလားအလာကောင်းသော ထုတ်ဝေပြီး ပြောင်းစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရှားတော ကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်   စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းမြေနေရာ တပ်ကုန်း မြို့နယ်ရှိ  ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာတို့တွင် အချင်း ၁၀ လက်မရှိ စက်ရေတွင်းများဖြင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီး စက်ရေတွင်း ၂၅ တွင်းမှ စိုက်ပျိုးမြေ ဧရိယာဧက ၇၅၀ အား စိုက်ပျိုးရေပေးဝေနေမှု၊ ဆောင်ရွက်ဆဲ စက်ရေတွင်း ငါးတွင်းနှင့် ဆက်လက်ဆောင်ရွက်မည့် စက်ရေတွင်း ၁၀ တွင်းပြီးစီးပါက စိုက်ပျိုးမြေဧရိယာ ဧက ၁၂၀၀ အား အကျိုးပြုနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။