အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဓနုဖြူ၊ လူမှုရေး

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ရိုးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်နေ ပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေပြီး အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနေထက်ရှိန်က သင်တန်းသူများအနေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်းမှရရှိသော အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက် ကြောင်းအတွက် လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေးကို အထောက်အပံ့ပေး နိုင်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များအား သင်တန်းသူများထံသို့ အသီးသီးပေးအပ်ကြသည်။

အဆိုပါသင်တန်းသို့ ဓနုဖြူမြို့နယ်အတွင်းရှိ သင်တန်းသူ ၃၀ ဦးအား ကျွမ်းကျင်သင်တန်း နည်းပြဆရာများက တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးကြောင်း သိရသည်။             

တေဇာလင်း