အဆစ်ရောင်လေးဖက်နာအမျိုးမျိုး

အဆစ်ရောင်လေးဖက်နာအမျိုးမျိုး

ယမန်နေ့မှအဆက်

အဆစ်ရောင်ကိုက်ရောဂါသုံးမျိုး

၁။ အနုစားမျိုး

ခြေတစ်ဖက် သို့မဟုတ် လက်တစ်ဖက်ရှိ အဆစ်ကလေးများသည် အနည်းငယ်မျှသာ ရောင်တင်းပြီးပျောက်သွားခြင်း၊ နံနက်အိပ်ရာ ထလျှင် ခြေဖဝါး၊ လက်ဖဝါးကလေးများ တင်းလာပြီး ပျောက်သွားခြင်း။

၂။ အလတ်စားမျိုး

အဆစ်များသည် ရောင်တင်းခြင်း၊ နေရာရွှေ့၍ရောင်ခြင်း၊ မအိပ်နိုင်၊ သည်းမခံနိုင်အောင်ကိုက်ခဲခြင်း၊ အိပ်ရာကမထနိုင်ခြင်း၊ တစ်ဖက်နှင့် တစ်ဖက်ကို စောင်းချင်လျှင် အကူအညီယူရခြင်း စသောလက္ခဏာများရှိသည်။ သို့ရာတွင် နှလုံးကိုထိခိုက်ခြင်း မရှိကြောင်း တွေ့ရပါသည်။

၃။ အရင့်စားမျိုး

အလတ်စားလက္ခဏာများရှိခြင်း၊ နှလုံးကိုပါထိခိုက်ခြင်း၊ ဖျားခြင်း၊ အရေပြားပေါ်အနာမီးများ ပေါက်ခြင်းစသော လက္ခဏာများရှိခြင်း စသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရပါသည်။

ဆရာကြီးဦးတင်ဦး၏ အဆစ်ရောင်ကိုက်ရောဂါကုရာတွင် နာမည်ကြီးခဲ့သော ဆေးဝိဇ္ဇာ(၁)နှင့် ဆေးဝိဇ္ဇာ(၂)တို့ ဆေးနည်းများ အကြောင်းကို နောက်ပိုင်းတွင် ဖော်ပြထားပါသည်။

စာရေးသူ၏ ဆေးကုသမှုမှတ်တမ်း တစ်လျှောက်တွေ့ကြုံရသော အဆစ်ရောင်၊ အဆစ်အမျက်ကိုက်နှင့် ထို့ထက်ပို၍ တစ်ဆင့်မြင့် သော လေးဖက်နာအဆင့် ဝေဒနာများမှာ အကြောင်းရင်းအားဖြင့်

၁။         လေပူကြောင့်ဖြစ်သောလေးဖက်နာ၊

၂။         သွေးဖောက်ပြန်မှုကြောင့် ဖြစ်သောလေးဖက်နာ၊

၃။         ပိုးကြောင့်ဖြစ်သောလေးဖက်နာ၊

၄။         ဆေးဒဏ်ကြောင့်ဖြစ်ရသော နောက်ဆက်တွဲရောဂါ လေးဖက်နာ၊

၅။         အကြောင်းရင်းမသိရသော ဝဋ်နာကံနာ လေးဖက်နာတို့ကို တွေ့ရပါသည်။

လေပူကြောင့်ဖြစ်သော လေးဖက်နာသည် ဖြစ်စတွင် အပူလျှပ်၊ အပူငုပ်၍ဖျားခြင်း၊ လျှာ၊ ခံတွင်းနှင့် အာခေါင်တို့တွင် အပူကန်နာများ ဖြစ်ခြင်း၊ နားနောက်၊ကုပ်ဘက်၊ ငယ်ထိပ်၊ ဦးခေါင်းတို့တွင် အပူကန်နာများပေါက်ခြင်း၊ ချိုင်းတွင်ကိန္နရာနာ၊ တင်ပါး၊ ပေါင်တို့တွင် သွေးဥနာများ ဖြစ်ခြင်းမှ စတင်ခဲ့သည်။ ပျောက်ကင်းအောင် သေချာစွာမကုသခြင်း၊ အစားအသောက်မရှောင်ခြင်းတို့ကြောင့် လေးဖက်နာအဆင့်သို့ ရောက်ရသည်။

သွေးဖောက်ပြန်၍ဖြစ်သော လေးဖက်နာမျိုးမှာ သွေးနှင့်မတည့်သောအသား၊ ငါး၊ ဥများ၊ မှိုတက်သောအစာများ၊ တွဲဖက်မစားသင့် သော အစာများစားသောက်ခြင်းကြောင့် ဖြစ်တတ်သလို ဓာတ်မတည့်သော ဆေးတစ်မျိုးမျိုးကို သောက်မိခြင်းကြောင့်လည်း သွေးအတွင်းရှိဓာတ်များ ဖောက်ပြန်ပျက်စီးကာ အဆစ်ရောင်၊ အဆစ်ကိုက်ရာမှ လေးဖက်နာအဆင့်အထိဖြစ်လာနိုင်ပါသည်။

ပိုးကြောင့်ဖြစ်သော လေးဖက်နာတွင် အာသီးရောင်ခြင်း၊ ခန္ဓာကိုယ်ရှိအကျိတ်များရောင်ခြင်း၊ ကူးစက်ရောဂါပိုးတစ်မျိုးမျိုးဝင်ခြင်း၊ ခွေး၊ ကြောင်စသော အိမ်မွေးတိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ရာမှ တိရစ္ဆာန်၏ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းတို့မှ လေးဖက်နာ ဖြစ်နိုင်ပါသည်။

ဆေးဒဏ်ကြောင့်ဖြစ်သော လေးဖက်နာမှာ ဘေးထွက်ဆိုးကျိုးများသည်။ အနောက်တိုင်းဆေးများကြောင့် ဖြစ်လေ့ရှိသည်။ ပင်နီစလင်၊ ပရက်ဒီစလုံးစသောဆေးများကို အထူးကုဆရာဝန်ကြီးများပင် အထူးသတိထား၍ ပေးလေ့ရှိသည်။ အချိန်အတိုင်းအတာ တစ်ခုထက် ပိုပေးမိလျှင်လည်း ဘေးထွက်ဆိုးကျိုးရှိသည်။ တိုင်းရင်းဆေးများတွင်လည်း ဘေးဥပဒ်ကင်းသည် မဟုတ်။ စိန်၊ စိန်နီမြင်းသွား၊ ကန့်၊ ဒုတ္ထာ၊ ယမ်းစိမ်း၊ ပြဒါးစသော ဆေးများတွင် ပါဝင်သင့်သည့် အလေးချိန်အတိုင်းအဆထက်ပိုလျှင်၊ ဆေးကို အခိုးသတ်ပြီး သန့်စင်ပြီးမသုံးလျှင် အန္တရာယ်များစွာရှိသည်။ ထိုဆေးများကြောင့် ပြင်းထန်သော လေးဖက်နာရောဂါဖြစ်နိုင်သည်။

အကြောင်းရင်းမသိသော လေးဖက်နာမှာ အစားအသောက်၊ အနေအထိုင်အမှားဟူ၍ သိပ်မတွေ့ရဘဲဖြစ်လာသော လေးဖက်နာမျိုး ဖြစ်သည်။ တချို့မှာဘိုးဘွား လက်ထက်က ငုပ်လျှိုးနေသော ရောဂါမိမိတွင်ပေါ်လာခြင်း ဖြစ်နိုင်သည်။ ကုရခက်သော လေးဖက်နာ မျိုး ဖြစ်သည်။ စိတ်ဓာတ်ကျရန်တော့မလိုပါ။ ဝဋ်ကုန်လျှင် ပျောက်သွားနိုင်ပါသည်။ တချို့ဝေဒနာသည်များဘာသာရေးလိုက်စားရင်း ရောဂါပျောက်ကင်းသွားသည်ကို ကိုယ်တွေ့တွေ့ကြုံဖူးပါသည်။ ဓာတ်စာဖြင့်ကုသခြင်း၊ ဝိဇ္ဇာဓရနည်းဖြင့်ကုသခြင်း၊ ဂါထာမန္တရားဖြင့် ကုသခြင်း၊ ဘုရားကု ကုခြင်း စသည်များကိုလည်း ပစ်ပယ်ထား၍မရပါ။ ကံစပ်လျှင် မည်သည့်နည်းဖြင့် ကုသည်ဖြစ်စေ ယုံကြည်မှု ကြောင့် ပျောက်ကင်းသည်များ တွေ့ရဖူးပါသည်။

ထူးဆန်းသောရိုးရာ(Traditional)ကုထုံးများ

ရိုးရာကုထုံးများကို တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်သော မဲခေါင်မြစ်ဝှမ်းဒေသ ခြောက်နိုင်ငံရိုးရာ ဆေးပညာနှီးနှော ဖလှယ်ပွဲ (၂၀၁၁ ခုနှစ်၊ မေလ)တွင် ထူးဆန်းသော တရုတ်ရိုးရာနတ်ဆရာကြီးတစ်ဦးကို တွေ့ရဖူးပါသည်။ သူ၏တစ်ကိုယ်လုံးတွင် ဆေးမင်များ ရေးထိုးထားပြီး ပုတီးကုံးများ လည်တွင်ဆွဲထားသည်။ ဒူးဆစ်ကြီးရောင်နေသူတစ်ဦးအား ပေရွက်အဟောင်းများမှစာများကို    ရွတ်ဖတ်ပြီး နောက် ရေတစ်ခွက်မှရေကိုငုံပြီး ထိုရောင်နေသောဒူးပေါ်ထွေးချပါသည်။ နံဘေးသို့လည်း ထွေးထုတ်ပါသည်။ ဒူးပေါ်ထွေး လိုက်၊ အပြင်သို့ ထွေးလိုက်နှင့် ရောဂါကိုပြင်ပသို့ ထုတ်သည့် သဘောဖြစ်သည်။

ထိုဆရာသည်ကူမင်း(ခွေးမင်)နှင့်အနည်းငယ် အလှမ်းဝေးသော တောနယ်မှဆရာတစ်ဦးဖြစ်ပြီး ရောဂါကုရာတွင်ပျောက်သဖြင့် နာမည်ကျော်ကြားသည်ဟု သိရပါသည်။ ထိုဆရာကိုခွေးမင်မြို့သို့ တကူးတကသွားပင့်လာကြပြီး ခြောက်နိုင်ငံပညာရှင်များအား ပြသခြင်းဖြစ်သဖြင့် ပယောဂဆရာ၊ နတ်ဆရာ စသည်တို့၏ကုထုံးများကို ရိုးရာကုထုံးအဖြစ် လက်ခံလာကြပြီ ဖြစ်ကြောင်း သိနိုင် သည်။ မည်သည့်ကုထုံးကိုမှ အထင်သေး၍မရပါ။ ရောဂါပျောက်ကင်းဖို့ အဓိကဖြစ်သည်။ ရိုးရာကုထုံးများတွင် တိမ်မြုပ် ပျောက်ကွယ် နေသည့် ကုထုံးများစွာရှိသည်။

စာရေးသူ၏သူငယ်ချင်း တိုင်းရင်းဆေးသိပ္ပံအပတ်စဉ်(၆)မှ ဆင်းသောဆရာတစ်ဦးသည် ယခုအခါနေပြည်တော်တွင် “မိုးကြိုးသွား ဆရာ” ဟု နာမည်ကြီးလျက်ရှိသည်။  ဘာရောဂါဖြစ်ဖြစ် မိုးကြိုးသွားနှင့် ထောက်ပေးလျှင် သက်သာသွားသည်။ မိုးကြိုးသွား၏ ထူးခြားချက်မှာ ရောဂါမရှိသော နေရာတွင် ထောက်လျှင်ဘာမှမဖြစ်၊ ရောဂါရှိသောနေရာတွင် ထောက်လျှင် အလွန်နာကျင်သည်။ တချို့အော်ဟစ် လူးလှိမ့်ရအောင် နာကျင်သည်။ ပြီးလျှင် ရောဂါပျောက်သွားသူများလည်း ရှိသည်။ ထိုသူငယ်ချင်းဆရာထံတွင် လေးဖက်နာ၊ နှလုံးရောင်ရောဂါသည်များ ကုသပျောက်ကင်းကြောင်း ကြားသိရသည်။ ထိုသူငယ်ချင်းသည် ကျောင်းနေစဉ် ကတည်းက သက်သတ်လွတ်စား တရားထိုင်ခဲ့သူဖြစ်သည်။ သူ အသက် ၄၀ ကျော်မှ ဇာတိမြို့ မိုးညှင်းတောနယ်မှ ရှေးဆရာကြီး တစ်ဦးက သူ၏သီလကို ယုံကြည်သဖြင့် မိုးကြိုးသွားပေးအပ်ခဲ့သည်ဟု သိရသည်။ သမာဓိရှိသူက ကုပေးသဖြင့်သာ မိုးကြိုးသွား သည်  အစွမ်းထက်ပြီး  နှလုံးရောဂါ၊ လေးဖက်နာရောဂါကဲ့သို့ ပျောက်ကင်းရန်ခက်ခဲသော ရောဂါကြီးများကို  ပျောက်ကင်းစေသည် ဟု ယူဆပါသည်။

တစ်ခါက သက်တော် ၇၅ နှစ်ရှိပြီဖြစ်သော ဆရာတော်ကြီးတစ်ပါးတွင် နှလုံးသွေးကြောပိတ်ရောဂါ Candiac infaret ရောဂါဖြစ် သည်။ လူကြီးများ ကိုးကွယ်သော ဆရာတော်ကြီးဖြစ်သဖြင့် နေပြည်တော်ဆေးရုံကြီးတွင် နှလုံးဓာတ်မှန်စစ်ပြီး နညါငသါမော ရိုက်ပြီး နှလုံးပတ်သွေးကြောကြီးသုံးကြောင်းပိတ်နေသည်ဟုဆိုသည်။ ငွေကြေးတတ်နိုင်သောဒကာ၊ ဒကာမများက ဗန်ကောက်ရှိ နှလုံးခွဲစိတ်ကုသမားတော်ကြီးနှင့် ဆက်သွယ်ကာ ခွဲစိတ်ရန် သို့မဟုတ် Engiogram ထည့်ရန် ရက်ချိန်းယူထားသည်။ ဗန်ကောက် မသွားမီ ကိုယ်တွေ့ကြုံဖူးသော အရာရှိကြီးတစ်ဦးက တိုက်တွန်းသဖြင့် မိုးကြိုးသွားဖြင့် ကုသမှုခံယူသည်။ ဆရာတော်ကြီးမှာ ရင်ဘတ်တွင် မိုးကြိုးသွားထောက်လျှင် နာလွန်း၍ မခံမရပ်နိုင်ဖြစ်သည်။ ဘေးမှဒကာ၊ ဒကာမများက စိုးရိမ်ကြသည်။

သို့သော် ထူးဆန်းသည်မှာ ထိုဆရာတော်ကြီး ဗန်ကောက်ဆေးရုံကြီးသို့ ရောက်သောအခါ နိုင်ငံခြားဆရာဝန်များမှ စစ်ဆေးပြီး ခွဲစိတ်ရန် မလိုကြောင်း၊ နှလုံးသွေးကြောမှာ ပွင့်နေသည့်အဆင့်တွင်ရှိကြောင်း၊ အခြေအနေပုံမှန်ရှိကြောင်းပြောသဖြင့် မခွဲမစိတ်ရဘဲ ပြန်ခဲ့ကြရသည်။ ထိုအချိန်မှစ၍ မိုးကြိုးသွားကုထုံးမှာ ပို၍နာမည်ကျော်ကြားခဲ့သည်။

စာရေးသူ၏သူငယ်ချင်း မိုးကြိုးသွားဆရာမှာ ဆေးကုသမှုအတွက် ငွေကြေးလုံးဝမယူသူဖြစ်သည်။ လူနာများက သူ့အတွက် အသီးအနှံ၊ အစားအသောက်လက်ဆောင်များသာ ယူသွားကြရပါသည်။ စာရေးသူ သတိထားမိသည်မှာ ရိုးရာကုထုံးဖြင့် ထူးဆန်းစွာ ကုသနိုင်သောဆရာများမှာ သက်သတ်လွတ်စားခြင်းနှင့်   ဘာသာရေးအလုပ်ကိုလည်း တစ်ဖက်မှထူးခြားစွာလုပ်ဆောင်သည့်သူများ၊ သမာဓိအားကောင်းသူများဖြစ်ကြသည်။ ဆေးကုသမှုအတွက် အခကြေးငွေလုံးဝ မယူကြသူများသာ ဖြစ်သည်။   ။

 ကြည်လွင်မြင့်(မုဒြာ)