နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊အဖြေများ-၂

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊အဖြေများ-၂

ယမန်နေ့မှအဆက်

Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက ယခု ရက်ပိုင်းအတွင်း အစွန်းရောက် အကြမ်းဖက်ပါတီ NLD က  ယခုလက်ရှိ တာဝန်ယူ ဆောင်ရွက်နေသည့့် UEC ကို တရားမဝင်ကြောင်း၊   ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ၎င်းတို့အနေဖြင့် လက်မခံနိုင်၍ ထုတ်ပြန်ထားကြောင်း၊ အဆိုပါထုတ်ပြန်ချက် အပေါ်UEC အနေဖြင့် မည်ကဲ့သို့ သဘောထား မှတ်ချက်ပေးလိုသည်ကို သိလိုကြောင်းနှင့် ၎င်းတို့၏ပြောဆိုချက်မှာ  ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိကို သုံးသပ်ပြောကြား ပေးစေလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခုရက်ပိုင်းတွင်  Social Media အွန်လိုင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ ဆိုသည့် အမည်ဖြင့် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့သော် ယင်းထုတ်ပြန်ချက်မှာ အွန်လိုင်းထုတ်ပြန်ချက်ဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများကို စစ်ဆေးလျက်ရှိကြောင်း၊ ထိုသို့စစ်ဆေးရာတွင်   တည်ဆဲနိုင်ငံရေး ပါတီ ၉၂ ပါတီရှိသည့် အနက် ၈၅ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၇ ပါတီကို စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း၊ ထိုနိုင်ငံရေး ပါတီ ၇ ပါတီတွင် NLD ပါတီလည်း အပါအဝင်ဖြစ်ကြောင်း၊ NLD ပါတီ ကို စစ်ဆေးရာတွင် ပါတီတွင် အဓိကတာဝန်ရှိသူများဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင်ပါဝင်သည့်   ပုဂ္ဂိုလ်တချို့သည် ဖမ်းဆီးထိန်းသိမ်း ခံနေရကြောင်း၊ တချို့မှာ ထွက်ပြေးနေပြီး တချို့မှာ တိမ်းရှောင်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဆက်သွယ်သော်လည်း   ဆက်သွယ်၍ မရသေးကြောင်း၊ အဆိုပါပါတီကို စစ်ဆေးရန်အတွက် ဆက်သွယ်ဆောင်ရွက်ဆဲ အနေအထားတွင်သာ ရှိနေသေးသည်ဟု  ပြောလိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြောလိုသည်မှာ အွန်လိုင်းပေါ်တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို အတည်ပြု၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တစ်ဖက်သတ်ဆုံးဖြတ်ချက်ချမှတ်၍   ဆောင်ရွက်မည် ဆိုပါက တရားမျှတမှု ရှိနိုင်မည်မဟုတ်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီကိုစစ်ဆေး၍ အတည်ပြုပြီးမှသာလျှင်   ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က ယခုမေးမြန်းသည့် မေးခွန်းမှာ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေ အရပ်ရပ်ကို သုံးသပ်၍ မေးမြန်းခြင်း ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို သေချာပေါက် ကျင်းပနိုင်ခြင်းရှိ၊ မရှိ သိလိုကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း စုံစုံလင်လင် ပါဝင် ယှဉ်ပြိုင်နိုင်မှုရှိ/မရှိ သိလိုကြောင်း၊ မည်ကဲ့သို့သော အခက်အခဲများ ရှိလာနိုင်သည် ကိုသိလိုကြောင်းနှင့် မည်ကဲ့သို့သော စီစဉ်ဆောင်ရွက်မှုများ   ပြုလုပ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းတွင် အပိုင်း ၃ ပိုင်းခန့်ပါဝင်ကြောင်း၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် လုပ်ငန်းစဉ်(၁)နှင့်အညီ    ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်(၅)တွင် ပါဝင်သည့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆဲနိုင်ငံရေး ပါတီများကိုလည်း ဥပဒေနှင့်အညီ   စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၄ ကြိမ်တွေ့ဆုံခဲ့ကြောင်း၊ ထိုကဲ့သို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီ အများစု တက်ရောက်ခဲ့ကြပြီး  ရွေးကောက်ပွဲစနစ် အပါအဝင် အခြားကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်ထားကြောင်း၊ အဆိုပါ ဥပဒေ၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက နိုင်ငံရေးပါတီများ ထပ်မံတိုးပွားလာမည့် အနေအထားရှိနိုင်သည်ဟုလည်း    သုံးသပ်ထားကြောင်း၊ ထိုအခြေအနေများအပေါ် မူတည်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခင်အားနည်းချက်များကို သုံးသပ်၍ ဥပဒေမူဘောင်အရ လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ မဲစာရင်းများ အပါအဝင် အခြားလိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် ရည်မှန်းချက်များအတိုင်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရပါကလည်း ထိုအခက်အခဲများကို အောင်အောင်မြင်မြင် ကျော်ဖြတ်၍ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထု အပါအဝင် ဌာနဆိုင်ရာ အားလုံးနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက ယခုလက်ရှိကာလကို ရွေးကောက်ပွဲ အကြိုကာလအဖြစ် သတ်မှတ်၍ UEC က ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ဟု  ပြောကြားထားကြောင်း၊ အောက်ခြေမှပြည်သူ အများစုဖြစ်ကြသည့် အခြေခံလူတန်းစားများက “ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ပါဘူး၊ အာဏာသိမ်းလိုက် ပါလိမ့်မယ်၊ ဒါတွေက ဟန်ပြပြီးလုပ်နေတာဖြစ်တယ်” ဟု  ပြောနေကြကြောင်း၊ ထိုကဲ့သို့ပြောဆိုနေမှုများနှင့် ပတ်သက်၍ မည်ကဲ့သို့ ရှင်းပြနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရမည်ဆိုပါက  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အားလုံးသိကြသည့်အတိုင်း မဲစာရင်းမှားယွင်းမှု ပမာဏ ကြီးမားစွာဖြစ်ပေါ်ခဲ့ကြောင်း၊ မဲမသမာမှုများနှင့်   တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များ  ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကို ယခင်အစိုးရနှင့် ယခင် ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်   ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို   အရေးပေါ် အခြေအနေကြေညာ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၈(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်ခဲ့ရကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလုပ်ငန်းစဉ် (၅)ရပ်တွင် ပါဝင်သည့် လုပ်ငန်းစဉ်(၁)အတိုင်း   မိမိတို့ ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းစဉ်(၅)နှင့်အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း၊   ထို့ကြောင့် မိမိတို့ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို    နှစ်ပတ်တစ်ကြိမ်   ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြလျက် ရှိကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့် လူအများစုက ပြောသည်ဆိုသည့်ကိစ္စကို   ပြောရလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက   မိမိတို့ တာဝန်ယူ ဆောင်ရွက်ရမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရည်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း    ပြန်လည် ဖြေကြားသည်။

Myanmar Public Press သတင်းဌာနမှ   အယ်ဒီတာ ကိုခန့်က လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်သွားမည်ဟု    သိရှိရကြောင်း၊ UEC အနေဖြင့်   လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကို   သတ်မှတ်သွားမည်ဟု သိရကြောင်း၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် စသည့်လွှတ်တော် သုံးရပ်တွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံမည့်   ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းကို မည်ကဲ့သို့ သတ်မှတ်ထားသည်ကို   သိလိုကြောင်း၊ လွှတ်တော်သုံးရပ်တွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကို UEC က မည်သည့်ပညာ အရည်အချင်းသည် မည်သည့်လွှတ်တော်သို့ ပါဝင်ယှဉ်ပြိုင်ရကြောင်း၊ ဘွဲ့ရဖြစ်ပါကလည်း မည်သည့်ဘွဲ့ဖြစ်ရမည်၊ ပြည်တွင်းဘွဲ့၊ ပြည်ပဘွဲ့ စသည်ဖြင့် သတ်မှတ်ထားသည်ကို နိုင်ငံရေးပါတီများက ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ    ရွေးချယ်နိုင်ရန်အတွက် ကြိုတင် အကြောင်းကြားရန်   အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ ယခင်သတင်းစာ ရှင်းလင်းပွဲများတွင်လည်း မိမိအနေဖြင့် တစ်ကြိမ်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများနှင့်   လွှတ်တော်သက်တမ်းတွင်  တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများ၏ အနေအထားကို   ဆန်းစစ်လေ့လာခဲ့ကြောင်း၊ အလားတူ နိုင်ငံရေး ပါတီများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များကိုလည်း သုံးသပ်ခဲ့ကြောင်း၊ ထိုကဲ့သို့သုံးသပ်ပြီးမှသာလျှင်  နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသူများ၏ အရည်အချင်းကို သတ်မှတ်ခြင်းဖြစ်ကြောင်း၊   သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ    ဥပဒေများတွင်     ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း အပါအဝင် လိုအပ်သည်များကို အသစ်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက် ရှိသည်ကိုလည်း ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် မိမိအနေဖြင့် ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း၊    ထို့ကြောင့်  ကိုယ်စားလှယ်လောင်း  တစ်ဦးအနေဖြင့် ရှိသင့်ရှိထိုက်သည့် ပညာအရည်အချင်းကို သတ်မှတ်နိုင်ရန်အတွက် လျာထား၍ ဥပဒေ ပြဋ္ဌာန်းနိုင်ရေး     ဆောင်ရွက်လျက်ရှိကြောင်း၊  သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်၍ မိမိပြောလိုသည်မှာ   ဒေသများ မတူညီသည့်အတွက်   တိုင်းရင်းသားဒေသများမှ  ကိုယ်စားလှယ်များ အတွက်ဆိုပါက    ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုင်းအတာတစ်ခု သတ်မှတ်မည်ဖြစ်ကြောင်း၊ စဉ်းစားသုံးသပ်၍   ဆောင်ရွက်ဆဲဖြစ်ကြောင်း၊  အတည်ပြု ပြဋ္ဌာန်းနိုင်သည့် အခြေအနေသို့ မရောက်သေးကြောင်း၊ အတည်ပြုပြဋ္ဌာန်း ပြီးစီးပါက   ထုတ်ပြန်သည့်အချိန်တွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် ပြည်သူများ အားလုံး သိရှိနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေး သွားမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

ဘူးလက်နယူးဂျာနယ်မှ  ထုတ်ဝေသူ ဦးလှဆွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်သည့်    မေးခွန်းတစ်ခု မေးမြန်းထားကြောင်း၊ မြန်မာနိုင်ငံတွင်   ရွေးကောက်ပွဲ ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်၊ ကြားဖြတ် ရွေးကောက်ပွဲက ၂ ကြိမ်ပြုလုပ်ခဲ့ရာ ယင်းရွေးကောက်ပွဲ ပြုလုပ်မည့် အကြိမ်တိုင်းတွင် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများသည် မဲရုံမှူး ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်   မဲအရေအတွက် ၁၂ သန်း ကွာခြားခဲ့ကြောင်း၊ ယင်း မဲကွာခြားချက်များမှာ အဆိုးရွားဆုံး မဲကွာခြားချက်များ ဖြစ်ပြီး မဲရုံမှူးပြုလုပ်သည့် ဆရာ၊ ဆရာမများလည်း    အရေးယူခံခဲ့ရသည်များ ရှိကြောင်း၊   ၎င်းတို့၏ ဘက်လိုက်မှုများ မည်မျှ များသွားခဲ့သည်ဆိုလျှင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်ကို တာဝန်ယူလိုက်သည့်အချိန်တွင် CDM ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနများတွင် ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများက ရာခိုင်နှုန်း အများဆုံးဖြစ်သည်ကို  တွေ့ရကြောင်း၊ သို့သော် နိုင်ငံတော်အပေါ်သစ္စာရှိစွာ   ကျောင်းသူ၊ ကျောင်းသားများအပေါ် သစ္စာရှိစွာ စာသင်သည့် ဆရာ၊ဆရာမများကိုလည်း    Non-CDM လုပ်၍ အသတ်ခံရသူ များစွာရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်   ၎င်းဆရာ၊ ဆရာမများနှင့်   ပညာရေး ဝန်ကြီးဌာန တစ်ခုတည်းကိုပင်    မဲရုံမှူး ဆက်လက် ခန့်အပ်ရန် စီစဉ်ထားခြင်းရှိ/မရှိ သို့မဟုတ် ဝန်ကြီးဌာန ပေါင်းစုံပါဝင်သည့်  ဥပမာ လဝက၀န်ကြီးဌာန ဆိုလျှင် မဲစာရင်းများ ပြုစုရာတွင် ထဲထဲဝင်ဝင် လုပ်ဆောင်နေသည့် ဝန်ကြီးဌာနဖြစ်ခြင်းကြောင့် ယင်းဝန်ကြီး ဌာနကို ခေါင်းတည်ပြီး အခြားမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတို့ကဲ့သို့ အဖွဲ့များဖြင့်  စုပေါင်း ဆောင်ရွက်သွားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ထိန်းကျောင်း   ဆောင်ရွက်သွားမည် ဆိုပါက မဲမသမာမှုများ မဖြစ်နိုင်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း၊   ထို့ကြောင့်  လာမည့် ရွေးကောက်ပွဲတွင် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများကို မဲရုံမှူးများ အဖြစ် ခန့်အပ်ထားရှိမည့် အစီအစဉ်   ရှိ/မရှိမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးခင်မောင်ဦးက မဲရုံမှူးများ ခန့်ရာတွင် သတ်မှတ်ချက်များရှိကြောင်း၊ သို့သော် ကျောင်းဆရာ၊ ဆရာမဆိုသည့် သတ်မှတ်ချက်ဟု  သီးသန့်မရှိကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်များကို နိုင်ငံ့ဝန်ထမ်းများကို ခန့်အပ်ရန်၊ ကျန်သည့် မဲရုံအဖွဲ့ဝင်များအား     နိုင်ငံ့ဝန်ထမ်းများသာမက သက်ဆိုင်ရာ မဲဆန္ဒနယ် မဲစာရင်းများတွင်ပါပြီး အများယုံကြည်ပြီး လုပ်ကိုင်နိုင်သူများကို ခန့်အပ်နိုင်ကြောင်း၊ သို့သော် ပြီးခဲ့သည့် အတွေ့အကြုံများအရ ဆရာ၊ ဆရာမများသည် လူဦးရေများခြင်း၊ ပျံ့နှံ့မှုအနေဖြင့်လည်း ရပ်ကွက်/ကျေးရွာများအထိ လုပ်ကိုင်ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၁၇၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၄၀၀၀၀ ခန့်ရှိကြောင်း၊ ထိုမဲရုံများအတွက် ဆောင်ရွက်ရာတွင် အင်အား များပြားသည့် ကျောင်းဆရာ၊ ဆရာမများကို အစဉ်အလာအရ  မဲရုံမှူးအဖြစ်ခန့်အပ်သည့် အနေအထားဖြစ်နေကြောင်း၊ သို့သော် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာသည့်ဖြစ်စဉ်များ အပေါ် သုံးသပ်ရာတွင် အများစုမှာ လုပ်ဆောင်မှုမှန်သော်လည်း တချို့မဲရုံမှူး အပိုင်းတွင် အားနည်းချက်များ၊ ဥပဒေချိုးဖောက်မှုများ ရှိခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်မှုများရှိကြောင်း၊ ထို့ကြောင့် ယင်းအခြေအနေများကို သုံးသပ်ပြီး နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကျောင်းဆရာ၊ ဆရာမများသာမက ဥပဒေနှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အခြားအကြံပြုထားသည့် ဝန်ထမ်းများ အပါအဝင် အားလုံးခြုံငုံ သုံးသပ်၍ မဲရုံမှူး/မဲရုံအဖွဲ့ဝင် တာဝန်များကို ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

သူရိယနေဝန်း သတင်းဌာနမှ အယ်ဒီတာချုပ် ဦးမိုးဟိန်းက မေးခွန်းမတိုင်မီ လက်ရှိနိုင်ငံ အနေအထားကို အနည်းငယ်ပြောလိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မီဒီယာကို မီဒီယာနဲ့တိုက်၊ ငွေမျောရင်ငွေနဲ့လိုက်၊ ပြည်ပဝါဒဖြန့်ချက်တွေကို မိမိဝါဒဖြန့်ချက်နှင့် ပြန်တိုက်ဆိုသည့်မူအတိုင်း မိမိအနေဖြင့် ကြွေးကြော်သံတစ်ခု စတင်လိုကြောင်း၊ “ပြည်ထောင်စုမြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကို ကြံစည်နေသည့် NLD အစွန်းရောက်ပါတီ၊ NUG တရားမဝင်အစိုးရ၊ CRPH နှင့်    အကြမ်းဖက်သမားများ ကျဆုံးပါစေ၊ မြန်မာ့တပ်မတော်ကြီး အဓွန့်ရှည်ပါစေ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အဓွန့်ရှည်ပါစေ” ပြည်ထောင်စုကို ကာကွယ်နေသည့် တပ်မတော်သားများနှင့် ပြည်သူများအား အားပေးစကား ပြောကြားချင်ကြောင်း၊ ဂဠုန်ဦးစောအကြောင်း အနည်းငယ်ပြောလိုကြောင်း၊ ဂဠုန်ဦးစောသည် သေဒဏ်စီရင် ချမှတ်ခံထားရသည့် အချိန်တွင် ၎င်း၏ရှေ့နေမှ  ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်  ဝန်ကြီးများကို မလုပ်ကြံမီ မြန်မာနိုင်ငံ၏   နန်းရင်းဝန်၊ ဝန်ကြီးချုပ်ဖြစ်ခဲ့ကြောင်း၊ ယင်းမတိုင်မီ ဦးပုအစိုးရ၊ ဒေါက်တာဘမော် အစိုးရတွင် ဝန်ကြီးဖြစ်ခဲ့ပြီး   ဆရာစံ သူပုန်ကိစ္စတွင် လယ်သမားများဘက်မှ   အခမဲ့ပြည်သူ့ရှေ့နေ ဖြစ်ခဲ့သည်ဆိုသည့် အချက်ကို ထောက် ထားပြီး သေဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရန် တောင်းဆိုခဲ့သည်များ ရှိခဲ့ကြောင်း၊ သို့သော် မည်သို့ပင် နိုင်ငံအကျိုးကို ဆောင်ခဲ့သည် ဖြစ်ပါစေ၊ ဝန်ကြီးချုပ်ဖြစ်ခဲ့စေ၊ ပြည်သူ့ရှေ့နေဖြစ်ခဲ့စေ၊ နိုင်ငံတော် အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များအား လုပ်ကြံသည့်ကိစ္စကြောင့် သေဒဏ်ပြတ်ပြတ်သားသား ပေးခဲ့ကြောင်း၊   ထို့ကြောင့် လက်ရှိ လူပြောများနေသည့် အကြမ်းဖက်လှုပ်ရှားမှုများကို ကြိုးကိုင်ပြီး ရန်ကုန်တိုင်းအတွင်းတွင်     လူ့အသက်ပေါင်းများစွာကို သေစေခဲ့သည့် အမှုများတွင် တာဝန်ရှိသည့် ဂျင်မီနှင့် ဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား အကျဉ်းဦးစီးဌာနမှ ၎င်းတို့ လုပ်ထုံးလုပ်နည်းအတိုင်း စီရင်ဆောင်ရွက်ပြီးကြောင်းကို   နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြထားသည်ကို တွေ့ရကြောင်း၊ မိမိမေးလိုသည့် မေးခွန်းမှာ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြည်ပတွင်ရှိနေသည့် ပြည်ဖျက် မီဒီယာများ မြန်မာနိုင်ငံတွင်ရှိသည့် နိုင်ငံ ခြားသံရုံးများမှ ထုတ်ပြန်ချက်မျိုးစုံဖြင့် ရှုတ်ချဆန့်ကျင်နေမှုများ ရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးအနေဖြင့် လက်ရှိ  အစိုးရ၏ သဘောထားကို  ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ ပထမဆုံး ဥပဒေနှင့်ပတ် သက်၍ ပြောလိုကြောင်း၊ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ  ပြည်သူအများအပြား တရားမျှတမှု ရရှိစေရေးနှင့် ပြည်သူနှင့် နိုင်ငံတော်အကြားတွင် တရားမျှတမှုရှိ စေရေးပင် ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ခံခဲ့ရသဖြင့် သေဆုံးခဲ့ရသည့် နစ်နာခဲ့ရသည့် ပြည်သူများကိုယ်စား တရားရုံး အစဉ်အဆက်မှ လုပ်ထုံးလုပ်နည်း ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အဆိုပါ တရားခံများကို ခုခံချေပခွင့်ပေးခဲ့ကြောင်း၊ သက်သေ အထောက်အထား အပြည့်အစုံ အပေါ်အခြေပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အတည်ပြုချမှတ် ဆောင်ရွက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်မှုများ၊ ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို မိမိတို့သိကြောင်း၊ သို့သော် ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊  တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအရ မဖြစ်မနေ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊  ၎င်းတို့ စွပ်စွဲနေသည့် ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက် ခဲ့ခြင်းမဟုတ်ကြောင်း၊ တရားဥပဒေနှင့် အညီသာ  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောသကဲ့သို့ ဦးစောကိစ္စနှင့် ပတ်သက်ပြီး  ဖြည့်စွက်ပြောလို ကြောင်း၊ မြန်မာ့နိုင်ငံရေး လောကတွင် နိုင်ငံရေးနှင့် ပတ်သက်ပြီး   စာများစွာ ရေးသားခဲ့ဖူးသည့် စာရေးဆရာကြီး တစ်ဦး ပြောခဲ့ဖူးသကဲ့သို့ “ချစ်ရင်လုံးလုံး၊ မုန်းရင် လျားလျား” ဆိုသလို ချစ်မိရင်လည်း အသည်း အသန်၊ မုန်းမိရင် လှည့်မကြည့်သည့် ပုံစံမျိုးဖြစ်ကြောင်း၊ ဦးစောနှင့် ပတ်သက်၍ ပြောလိုကြောင်း၊ ဂဠုန်ဦးစောဘက်မှ လိုက် ပြောပေးနေခြင်း မဟုတ်ကြောင်း၊  ဂဠုန် ဦးစောဟု အမည်တွင်ခဲ့ရခြင်းမှာ မြန်မာနိုင်ငံသည်  ၁၈၈၅ ခုနှစ်တွင်  အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့ပြီး ၁၀ နှစ် တာ မျိုးချစ်စစ်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံ၏ အနှံ့အပြားတွင်  အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့ကြကြောင်း၊ ဝန်းသိုနယ်တွင် ဝန်သိုစော်ဘွားကြီး ဦးအောင်မြတ်၊ ချင်းတွင် ကြွမ်ဘိ၊   မြန်မာနိုင်ငံတွင် ပုဂံဗိုလ်ချိုတို့ ကဲ့သို့ ပုဂ္ဂိုလ်များ၊  ကယားပြည်နယ်တွင် စောလဖော်ကဲ့သို့ ပုဂ္ဂိုလ်များ များစွာသော ပုဂ္ဂိုလ်များက အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့ကြ  ကြောင်း၊ အင်္ဂလိပ်က မြန်မာနိုင်ငံတွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်က တပ် အင်အား အနည်းငယ်ဖြင့်သာ ဆောင်ရွက်ခဲ့သော်လည်း ၁၀ နှစ်လုံးလုံး ဖြစ်ခဲ့သည့် ပွဲတွင်  တပ်အင်အားများစွာ အသုံးပြု၍ နှိမ်နင်းခဲ့ရကြောင်း၊ ထိုသို့နှိမ်နင်းရာတွင် နှစ်ပေါင်း ၃၀ ကြာခန့်အထိ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုမှာ လုံးဝဆိတ်သုဉ်းသွားကြောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် စတင်၍  YMBA ကဲ့သို့အသင်းများ ပေါ်ပေါက်လာခဲ့ကြောင်း၊ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန်မည့်  ၁၃၀၀ ပြည့်အရေးတော်ပုံ အနီး ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံအရေးအခင်း စတင်ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်ကာလတွင် အင်္ဂလိပ် တို့၏ လွှမ်းမိုးမှုသည် ဘုန်းမီးနေလတောက် ခဲ့ပြီး နေမဝင် အင်ပါယာဖြစ်ခဲ့ကာ ကမ္ဘာတွင် မည်သည့်နိုင်ငံမှ အင်္ဂလိပ်ကိုမယှဉ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဂဠုန်ဆရာစံ၏ အမှုကို မည်သူမျှရှေ့နေ မလိုက်ရဲခဲ့ကြောင်း၊ ထိုအမှုကို  ဦးစောမှ ရှေ့နေ လိုက်ပေးခဲ့ သဖြင့် ဂဠုန်ဦးစောဟု  အမည်တွင်ခဲ့ ကြောင်း၊ ထိုစဉ်က မြန်မာနိုင်ငံတွင် ဥပဒေ နှင့်ပတ်သက်၍ ပညာရှင်များစွာရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဆရာစံ၏ အမှုအား    ရှေ့နေမလိုက်ရဲကြောင်း၊ ဦးစောတစ်ဦးသာ လိုက်ရဲကြောင်း၊ ထိုအချိန်တွင် ICS ၊ ရဲအရာရှိများအတွက် IPS ၊ တရားဥပဒေ တရားရုံးများ အတွက် ITS ဆိုသည့် အသုံးများဖြင့် ရလာသူများ အများအပြားရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက်  ကြိုးပမ်းခဲ့သည့် အချိန်သည်  အချိန်ကောင်း တစ်ခုဖြစ် ကြောင်း၊ အင်္ဂလိပ်ကို တော်လှန်ဆန့်ကျင်မည့်၊ တစ်နည်းအားဖြင့် ကိုလိုနီဝါဒကို တော်လှန်ဆန့်ကျင်မည့် ဂျပန်ကဲ့သို့ ဖက်ဆစ် နိုင်ငံပေါ်လာကြောင်း၊ အားပေးနိုင်သည့် အင်အားစု တစ်ခုရှိသည့်အချိန် ကိုလိုနီနိုင်ငံများကို အင်္ဂလိပ်တို့ မထိန်းနိုင်သည့် အခြေ အနေမျိုးအချိန်တွင် ပေါ်ပေါက်လာခြင်း ရှိကြောင်း၊ ဦးစောရှေ့နေလိုက်သည့် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၅/၁၆ နှစ်ခန့်သာ ရှိသေးကြောင်း၊  ထိုအချိန်ကတည်းက နိုင်ငံရေး လုပ်ကိုင်လာခဲ့ ကြောင်း၊ အင်္ဂလန်ကို သွားရောက်၍ အရေး ဆိုရာတွင် ယူဂန်ဒါတွင် ၃ နှစ်ခန့်အဖမ်းခံရကြောင်း၊ ထိုသို့အဖမ်းခံရခြင်းသည် ဂျပန်နှင့် မြန်မာနိုင်ငံ စတင်ဆက်သွယ်သည်မှာ မည်သူမည်ဝါ ပြောကြသော်လည်း မိမိအနေဖြင့် ဗိုလ်ချုပ်သည် ဂျပန်သံရုံးသို့ သွားရောက်ဆက်သွယ်ခြင်းကြောင့် အဖမ်းခံရ သည်ဟု ပြောကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပြောကြောင်း၊ အချို့မှတ်တမ်း များသည်   တစ်ခုနှင့်တစ်ခု ဆက်စပ်၍ ခက်ခဲသည်များ ရှိကြောင်း၊ ဂျပန်ကိုသွား ရောက် အကူအညီတောင်းခြင်းကြောင့် ၎င်းကိုယ်တိုင်က စတင်ပြီး ဂျပန်ကိုအကူ အညီတောင်းသည်ဟု ပြော၍ ရသည်အထိ မှတ်တမ်းများရှိကြောင်း၊ ဇူလိုင်လမတိုင်မီ တစ်လ ၂ လခန့်တွင် ဦးစောသည်လည်း သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း၊ ပြည်သူ့ ရဲဘော်ယူနီဖောင်းများဖြင့် သေနတ်ဖြင့်ပစ်ခဲ့ခြင်းကြောင့် ၎င်း၏မျက်လုံးတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ တချို့မြန်မာ့သမိုင်းများတွင် ပျောက် သွားသည်များလည်း ရှိကြောင်း၊ မိမိပြောလိုသည်မှာ ၎င်းတို့စွပ်စွဲနေသည့် ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို အရေးယူသည်ဟု  မဟုတ်မမှန်စွပ်စွဲ ပြောဆိုခြင်းများ ရှိကြောင်း၊   ၎င်းတို့ကို အရေးယူခြင်းသည်ထိုကိစ္စနှင့် သက်ဆိုင်မှုမရှိကြောင်း၊ စောစောကပြသခဲ့သည့် ပြန်ဝင်လာသည့်  ငပုတော လွှတ်တော်အမတ်ကို   လက်ခံထားရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံထဲတွင် လေးပုံသုံးပုံသော ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်ဟောင်းများကို လက်ရှိအနေအထား အတိုင်း အေးဆေးစွာ ရှိနေကြောင်း၊ မိမိတို့အနေဖြင့်      ဒီမိုကရေစီအရေး နိုင်ငံရေးအတွက် အရေးယူခြင်း မဟုတ်ကြောင်း၊ အဘယ်ကြောင့် အရေးယူသလဲဆိုလျှင် ဖြိုးဇေယျာသော်ကို စစ်ဆေးချက်အရ အကြမ်းဖက် ကျူးလွန်မှုများတွင် လက်နက်/ခဲယမ်း ထောက်ပံ့နေသည့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း၊ ၎င်း၏စီစဉ်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး၊  ပြည်သူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး သေခဲ့ရကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍  ၎င်း၏ ထွက်ဆိုချက်များတွင် အခိုင်အမာ ရှိပြီးဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည)တို့နှင့်အရေးယူပြီး တရားရုံး အဆင့်ဆင့်မှ ခုခံချေပခွင့်ပေးပြီးမှသာ တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျော်မင်းယု(ခ)ဂျင်မီကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ဖြိုးဇေယျာသော်နှင့် ပူးပေါင်း၍ မွန်းလိုက် အော်ပရေးရှင်း ဆိုသည်ကို လုပ်ခဲ့ကြောင်း၊  ထို့ပြင် ရန်ကုန်တွင်ရှိသည့် စာသင်ကျောင်းများ၊ ဆရာ၊ဆရာမများအား ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း၊   အုပ်ချုပ်ရေးမှူးများကို ဒလန်ဟုစွပ်စွဲ၍   သတ်ဖြတ်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ပုဂ္ဂလိက ဘဏ်များကို တိုက်ခိုက်ခြင်း၊ လက်နက် ငွေကြေး ထောက်ပံ့ခြင်းများကြောင့် ၎င်းအား ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့ဖြင့်တရားစွဲ ဆို၍ သေဒဏ်အမိန့် အတည်ပြုခဲ့တာရှိကြောင်း၊ ကျန်နှစ်ယောက်သည် လှိုင်သာယာတွင်ရှိသည့် အမျိုးသမီးတစ်ဦးကို အိမ်အထဲတွင် ပိတ်လှောင်ခြင်း၊ ထို့နောက် ကားဖြင့် တွံတေးဘက်သို့ခေါ်ဆောင်ပြီး ဆွဲကြိုး၊ လက်စွပ်များယူ၍ ဓားဖြင့် ၂၁ ချက်ခန့် ထိုးသတ်ခဲ့ခြင်းကြောင့် တရားရုံးက သေဒဏ် ချမှတ်ခဲ့ခြင်း       ဖြစ်ကြောင်း၊ ယင်းပြစ်ဒဏ်များကို တရားရုံးမှချမှတ်ပြီး ၎င်းတို့ အခွင့်အရေး ဖြစ်သည့် အယူခံလွှာတင်ခြင်း၊ အသနားခံ စာတင်ခြင်းများ ခွင့်ပြုခဲ့ကြောင်း၊ ထိုအယူခံလွှာ၊ အသနားခံစာများကိုပလပ်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ကျူးလွန် ခဲ့သည့် ပြစ်မှုများသည် အခြားသေဒဏ် ချမှတ်ခြင်း ခံရသည့်ပြစ်မှုများနှင့် နှိုင်းယှဉ် ပါက   သေဒဏ်ကိုအကြိမ်ကြိမ်ချမှတ်ခံ ထိုက်သည့် ကျူးလွန်သည့်ပြစ်မှုများဖြစ် ခြင်းကြောင့်ဖြစ်ကြောင်း၊ ဦးစီးဦးဆောင် လုပ်ခဲ့သည်၊  လူဦးရေ မည်မျှသတ်ခဲ့သည်၊ လက်နက်ခဲယမ်း မည်မျှထောက်ပံ့သည်ကို ၎င်းတို့ ထွက်ဆိုချက်များတွင် ပါပြီးဖြစ် ကြောင်း၊  ယခင်သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ၎င်းကျူးလွန်ခဲ့မှုများနှင့် ပတ် သက်၍ အခိုင်အမာရှင်းပြပြီးဖြစ်ကြောင်း၊  ၎င်းဖမ်းမိစဉ်တွင် ၎င်းကိုယ်တိုင် ရေးထား သည့် မှတ်စုစာအုပ်တွင်     ဘယ်နေ့ကဘယ်သူ့ကို ဘယ်လောက်ပေး၍ သတ်ခိုင်းခဲ့သည်များ၊  ဘယ်နေ့တွင်ဘယ်အဖွဲ့ကို လက်နက်/ခဲယမ်း ဘယ်လောက်ထောက်ပံ့ခဲ့သည်၊ ဘယ်စစ်ဆင်ရေးတော့ အောင်မြင်သည်၊ နောက်နေ့ ဘာလုပ်မည်ဆိုသည်များကို ၎င်းကိုယ်တိုင် ရေးထားသည့်မှတ်စုစာအုပ်တွင် ဖော်ပြပြီးဖြစ်ကြောင်း၊ထို့ကြောင့် ၎င်းတို့သည် အခြားသေဒဏ် ချမှတ်ခံရသူများ၏ ပြစ်မှုများနှင့်မတူဘဲ သေဒဏ် အကြိမ်ကြိမ် ကျခံထိုက်သည့် ပြစ်မှုများကို ကျူးလွန်သူများဖြစ်ကြောင်း၊  အပြစ်မဲ့ ပြည်သူများအပေါ် ရက်စက်စွာဖြင့် ကြီးမားသည့် ထိခိုက်နစ်နာမှုဖြစ်အောင် ဆောင်ရွက် ခဲ့သူများ ဖြစ်ကြောင်း၊ အစားထိုးမရသည့် ဆုံးရှုံးမှုများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးကိုရှေးရှုပြီး ၎င်းတို့၏ ပြင်ဆင်မှုလျှောက်လွှာများ၊ အယူခံများ၊ အသနားခံစာများကို ပလပ်ပြီး ပြစ်မှုကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုအတည်ပြုပြီးသော်လည်း အကျဉ်း ထောင်လက်စွဲအပိုင်း ၁၄ အတိုင်း သေဒဏ် ချမှတ်ခံရသည့် အကျဉ်းသားများဆိုသည့် အခန်းအတိုင်း  ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊   ၎င်းတို့၏ ရပိုင်ခွင့်များ ဖြစ်သည့် တွေ့လိုသူများနှင့်  Video Conferencing  စနစ်ဖြင့် တွေ့ပေးခဲ့ပြီး စီရင်ရမည့်အတိုင်း စီရင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ရုပ်အလောင်း ပြန်ပေးခြင်း၊ မပေးခြင်းနှင့်ပတ်သက်၍ အကျဉ်းထောင် လက်စွဲစာစောင်တွင် ပါရှိ ပြီးဖြစ်ကြောင်း၊ ထောင်မှူး၊ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍   အဓိကရုဏ်းတစ်ခုခုဖြစ်စေ၊ ဆန္ဒပြမှုတစ်ခုခုဖြစ်စေ ဖြစ်ပေါ်လာနိုင်ပါက အကျဉ်းထောင်၏ စီရင်မှုအောက်တွင်သာ သင်္ဂြိုဟ်ခွင့်ရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မီဒီယာများကို အကျဉ်းထောင်လက်စွဲ စာမျက်နှာ ၂၄၈ အပိုင်း ၁၄၊ သေဒဏ်ကျခံရသော အကျဉ်းသားများ၏ လုပ်ထုံးလုပ်နည်းများ ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်သည်များကို မီဒီယာများကို ပေးလိုက်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေများသည် မိမိတို့ ရေးဆွဲခဲ့ခြင်း မဟုတ်ကြောင်း၊ အင်္ဂလိပ်လက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊  တချို့သော အသုံးအနှုန်းများကိုသာ ပြင်ထားကြောင်း၊ ဥပမာ ဘုရင်ခံဆိုသည်ကို နိုင်ငံတော်အကြီး အကဲဆို၍သာ ပြောင်းလဲကြောင်း၊ ကျန် အကြောင်းအရာများ ပြောင်းလဲမှုမရှိကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စများကို ပုဂ္ဂိုလ် ရေးအရ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ ဒီမိုကရေစီရေးအရလုပ်ခြင်းမဟုတ် ကြောင်း၊ လူသတ်ရမ်းကားခဲ့သည့်  အကြမ်းဖက်သမားများကို ထိုက်သင့်သည့်ပြစ်ဒဏ်ကို ပေးခြင်းဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူအများအပြား တရားမျှတမှုရရှိရေးနှင့် ပြည်သူနှင့် နိုင်ငံတော်အကြား တရားမျှတမှု ရရှိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့်  မိသားစုများ၊ ဆွေမျိုးသားချင်းများ၏ စိတ်ခံစားချက်များကို ထည့်တွက်ရန်လိုသည် ဟု မိမိအနေဖြင့် ပြောလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  ICCPR ပရိုတိုကောတွင် သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ လက်မှတ်ရေးထိုးထားခြင်း မရှိသည်ကို အသိပေး ပြောကြားလိုကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့်  အပြစ်တစ်စုံတစ်ရာ မရှိဘဲ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့် ပြည်သူများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ၏ မျက်နှာကိုထောက်ရှုပြီး မလွှဲမရှောင်သာ၍ ပြစ်မှုကျူးလွန်သည့် တရားခံများကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ဆောင် ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား သနားညှာတာ ထောက်ထားနေမည်ဆိုပါက ပြစ်မှုကျူးလွန်ခြင်း ခံရသည့် အပြစ်မဲ့ပြည်သူများအပေါ် ကိုယ်ချင်းစာမှု မရှိဘဲ ရက်စက်လွန်းရာ ကျမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရားဥပဒေ၏ ဆုံးဖြတ်ချက်အတိုင်းသာ  ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်  ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမိုးဟိန်းက NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားအကြံပေး တစ်ရာနီးပါးကို ပြည်သူ့ ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲငှားရမ်းခဲ့ကြောင်း၊  ထိုသို့ နိုင်ငံခြားသား အကြံပေးများ ငှားရမ်းလုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ နိုင်ငံတော်၏ စီးပွားရေး စီမံကိန်းများ ပေါက်ကြားခြင်း၊   အမျိုးသား လုံခြုံရေးကို     ပေါက်ကြားခြင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ နိုင်ငံခြားသား အကြံပေးများခေါ်သည့် လုပ်ရပ်ကို ဥပမာပြောရလျှင် “သိုက်ဆရာ ကိုမှ လှေပေါ်တင်မိသည်” ဆိုသည့် မြန်မာ စကားရှိကြောင်း၊ ထိုစကားသည် မှားသွားသည်ကို နောင်တရမိ၍ ပြောသည့်စကား ဖြစ်သော်လည်း NLD အစိုးရသည် သိုက်ဆရာမှန်းသိပါလျက် လှေပေါ်တင်ခဲ့သူများ ဖြစ်ကြောင်း၊ ယင်းနိုင်ငံခြားသား တစ်ရာ ကျော်ကြောင့် မလိုအပ်ဘဲနှင့် နိုင်ငံတော် အတွင်းရေးများကို ပေါက်ကြားခဲ့ပြီး မြန်မာ နိုင်ငံ၏ အနာဂတ်ကို နိုင်ငံတကာ လက်ထဲ ထည့်ခဲ့ခြင်းကြောင့် လက်ရှိဖြစ်နေသည့် တိုင်းပြည် မတည်မငြိမ်မှုများ၊ အလုံးစုံပျက်သုဉ်းမှုများ၊ ထိန်းမနိုင် သိမ်းမရဖြစ်ခြင်းများ၊ NUG ၊ PDF ၊ CRPH တို့၏ Plan  များသည် နိုင်ငံခြားသား တစ်ရာကျော်ကို ငွေပေးပြီး တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးရန် ကြိုတင်ကြံစည်ခဲ့သည့် လုပ်ရပ်များဖြစ်ခြင်းကြောင့် ယင်းလုပ်ရပ်သည် နိုင်ငံတော် အပေါ်သစ္စာဖောက်သည့် လုပ်ရပ်ဟု စွပ်စွဲ ၍ရကြောင်း၊ ဥပမာ ရခိုင်ပြဿနာသည် ပြည်တွင်းရေး ပြဿနာသာဖြစ်ပြီး ပြည်တွင်း ပြဿနာကို ပြည်တွင်းတွင် ရှင်း၍ရသော်လည်း ရှောင်တာနယ်၊ ဂျိုးဖစ်ရှ်ရှာ စသည် တို့ကြောင့် ၎င်းပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ပြောင်းလဲခဲ့ရကြောင်း၊ မိမိတို့နိုင်ငံကို နိုင်ငံတကာအလယ်တွင် တံတွေးခွက်ထဲ ပက်လက်မျောခဲ့ရခြင်းသည် ကိုဖီ အာနန်ကော်မရှင် ကိစ္စသည် နိုင်ငံခြားသား တစ်ရာကျော်၏ အကြံပေးချက်ကြောင့်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားသားအကြံ ပေးများခေါ်ပြီး တိုင်းပြည်ကို ရောင်းစားပြီး တိုင်းပြည်ကို ဝကွက်အပ်သည့်လုပ်ရပ်များ ထပ်မံမပေါ်ပေါက်အောင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ အနေဖြင့် မည်သို့ဆောင်ရွက် ထားသည်ကို သိလိုကြောင်းနှင့် ရှောင်တာနယ်ကို ဖမ်းဆီး မိသည့်အချိန်တွင်   နိုင်ငံတော်၏ လျှို့ဝှက်ချက် များစွာကို ရရှိသည်ဟု မိမိအနေဖြင့် ကြားသိရကြောင်း၊ ဖမ်းဆီးစစ်ဆေးပြီး နောက်ပိုင်းတွင် ထပ်မံသိရှိရသည့် လျှို့ဝှက်ချက်များကို အများပြည်သူများ သိရှိစေရန် ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်း၊ နောက်တစ်ချက်မှာ  ဂျိုးဖစ်ရှ်ရှာသည် MI-6 က   သိပါလျက် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံရုံး တွင် တာဝန်ပေးပြီး နေပြည်တော်-အမေရိကန်-အင်္ဂလန်တို့ကို ချောင်းပေါက်အောင် ဝင်ထွက်ခွင့်ပေးခဲ့ခြင်း၊ ဝလုံးနှင့် ကျော်စိုးဦး တို့ဆိုလျှင် ပြည်ထဲရေး ဝန်ကြီးတောင်မသိဘဲ အင်းစိန်ထောင်ပေါက်ဝတွင် ဂျိုးဖစ်ရှ်ရှာက လာခေါ်ပြီး လေယာဉ်ပျံပေါ် တင်ခေါ်သွားသည့် ဖြစ်စဉ်သည် ပြည်ထဲရေးဝန်ကြီးကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာကို လှည့်ပြီး ဖြိုလှဲဖျက်ဆီးနေသည့် ပြည်ဖျက်သမား ဂျော့ဆိုးရော့၏ တပည့်အရင်းဖြစ်သည့် ဦးသောင်းထွန်းကို နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရက ခန့်အပ်ခဲ့ပြီး ဂျော့ဆိုးရော့ အလိုကျ ဝန်ကြီး ခန့်ခဲ့ကြောင်း၊ အလားတူ ဦးစိုးဝင်းကိုလည်း အနောက်အုပ်စု အလိုကျ  စီမံ/ဘဏ္ဍာ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း၊ နိုင်ငံခြားသား တစ်ရာကျော်ဖြင့် တိုင်းပြည်ကို ဖျက်ဆီးခဲ့သည့် ကိစ္စကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီမှ အသည်းအသန် တိုင်းပြည်ကို ပြန်လည်ထိန်းသိမ်းရာတွင် အခက်အခဲမှာ အဆိုပါနိုင်ငံခြားသား တစ်ရာကျော် ခန့်ခဲ့ပြီး  တိုင်းပြည်ဖျက် လုပ်ငန်းများကို လုပ်ခဲ့သည်ဟု မိမိအနေဖြင့် ယူဆခြင်းကြောင့် ရှောင်တာနယ်လို လူမျိုးများကို မည်သို့ဆက်လက် ဆောင်ရွက်သွားမည် ကိုသိလိုကြောင်းနှင့် ရှောင်တာနယ်ထံမှ သိရှိရသည့် အချက်များသည် နိုင်ငံတော် လုံခြုံရေးနှင့်   အမျိုးသား လုံခြုံရေးကို မည်ကဲ့သို့ ထိခိုက်မှုတွေ ဖြစ်စေခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လက်ထက်၌ လုပ်ဆောင်ခဲ့သည့် သစ္စာဖောက် လုပ်ရပ်မျိုးများ ထပ်မံမပေါ်ပေါက်အောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်သို့  ဆောင်ရွက်ထားသည်ကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခင်အစိုးရ လက်ထက်တွင် နိုင်ငံခြားသား အကြံပေး များနှင့် ပတ်သက်၍    အားလုံးသိရှိပြီး ဖြစ်မည်ဟု ယူဆကြောင်း၊   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေရာမှစပြီး  ဝန်ကြီးဌာန အသီးသီးတွင်လည်း ရောက်ရှိနေသည်ကို သိရကြောင်း၊ လွှတ်တော်များတွင်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခြင်း များ ပြုလုပ်ရာတွင် မေးခွန်းများ မေးခွင့်ရသည်များ ရှိသလို မေးခွင့်မရသည်များလည်း ရှိကြောင်း၊   မေးခွင့်ရသော်လည်း ကျေကျေနပ်နပ် ရှင်းပြခြင်းများ မရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့လက်တွေ့ ဆောင်ရွက်နေသည်မှာ     နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနှင့်  တရားစွဲဆိုထားခြင်းမျိုး ရှိကြောင်း၊ ဥပမာ-ရှောင်တာ နယ်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနှင့် တရားစွဲဆိုထားကြောင်း၊ ၎င်းထံမှ ရရှိသည့် အချက်အလက်များလည်း ရှိကြောင်း၊ ဆက်စပ်ပြီး ထပ်မံဖော်ထုတ်ရန် ရှိနေဆဲဖြစ်သည်ဟု ပြောလိုကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့် အချိန်တွင် သိရသည်များ အထဲမှ သိသင့်သည်များကို ထုတ်ပြန်ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း၊  ထို့ပြင် ဂျော့ဆိုးရော့ကိစ္စများ၊ သတင်းထောက်နှစ်ယောက် ကိစ္စများသည် မိမိတို့နိုင်ငံတွင်   အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်   အဖြစ်အပျက်များ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လူများတောင်မသိဘဲ ဆောင်ရွက်ခဲ့သည့် ကိစ္စမျိုးများရှိကြောင်း၊ ထိုနိုင်ငံခြားသား အကြံပေးများကြောင့်  ရခိုင်ကိစ္စများသည် မကြီးသင့်ဘဲ ကြီးခဲ့ရကြောင်း၊ ယင်းကိစ္စအား မကြာသေးမီ ရက်ပိုင်းတွင်  ICJ  သွားရောက်ကြားနာခဲ့ရသည်များ ရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် အကြံပေးများ ခန့်အပ်ရာတွင် မိမိနိုင်ငံကို အမှန်တကယ် ချစ်မြတ်နိုးသည့်သူများ၊ ပြည်သူလူထု အကျိုးကို  ဆောင်ရွက်နိုင်သူများကိုသာ ခန့်အပ်ထားသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် ယခင်ကတည်းက နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး အတွက် အမုန်းခံပြီး ပြောခဲ့သည့် လူအများစုနဲ့ ဖွဲ့စည်းထားသည်ကိုလည်း   တွေ့ရှိရကြောင်း၊ မိမိတို့လက်ထက်တွင် ဆောင်ရွက်နိုင်သော်လည်း  နောင်ရွေးကောက်ပွဲပြီး သွား၍   အစိုးရတစ်ရပ် တက်လာခဲ့လျှင် အပြောင်းအလဲ မဖြစ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ယခုအချိန်မှစပြီး အခြေခံအုတ်မြစ် ချထားရမှာဖြစ်ကြောင်း၊  အဘယ့်ကြောင့် ဆိုသော် ယခင်လက်ထက် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြားတွင်  နိုင်ငံခြားသား အကြံပေးများ ငှားရမ်းမှု မရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၁၅ နောက်ပိုင်းမှာသာ ငှားရမ်းမှုများ ရှိခဲ့ခြင်းကြောင့်  ယင်းအစိုးရနှစ်ရပ် အကြားတွင်လည်း ကွာခြားမှုရှိခဲ့ကြောင်း၊ ထို့ကြောင့်   ယခုကတည်းက   အခြေခံ အုတ်မြစ်ချထားဖို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ အားလုံးလည်း သိရှိထားပြီးဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးမှာ  မည်သို့ပြုလုပ်ခဲ့ကြသည်ကို  သိရှိပြီးဖြစ်ကြောင်း၊    လူမှုရေးအကြောင်းပြပြီး နောက်ကွယ်မှ ထောက်ပံ့မှုများ စီးပွားရေးတွင်လည်း အတွင်းထဲအထိ ဝင်ရောက်ပြီး စီးပွားဖျက် သူလျှိုလုပ်မှုများ၊ နိုင်ငံရေးမှာလည်း  အဓိကတည်မီပြီး လုပ်ဆောင်နေသည်များလည်း ရှိကြောင်း၊  ၎င်းကိစ္စများ ကာကွယ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အခြေခံများကို လုပ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဘူးလက်နယူးဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက အခြေခံဥပဒေပုဒ်မ ၃၆၁ အရ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အများစုကိုးကွယ်ပြီး   ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသည့် ဘာသာကြီးတစ်ရပ်ဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊  သို့သော်လည်း  လက်ရှိအချိန်တွင်  ဘာသာကြီး ၄ မျိုးတွင်  ဗုဒ္ဓဘာသာသည်  အဖိနှိပ်ခံရဆုံး၊  အနှိပ်ကွပ်ခံရဆုံး အချိန်ဖြစ်နေကြောင်း၊ PDF များ၏ target သည် ဗုဒ္ဓဘာသာ ရဟန်းသံဃာများဖြစ်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ရဟန်းသံဃာများ အသတ်ခံရမှုနှင့်ပတ်သက်၍   ထည့်သွင်းပြောကြားခဲ့ကြောင်း၊ နောက်နောင်တွင်လည်း မည်မျှအသတ်ခံရမည်ကို   မဆိုနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များ ကာကွယ်ပေးနိုင်ရန် လက်ရှိတွင် မဏ္ဍိုင်ကြီး ၃ ရပ် ကိုင်ဆောင်ထားသည့်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဘာသာ သာသနာကို ကာကွယ်ပေးရန် အရေးပေါ် ဥပဒေများ သီးသန့်ပြဋ္ဌာန်း သင့်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် သာသနာပြု မင်းအစိုးရဖြစ်ကြောင်း၊ သာသနာတော်ကို   ကာကွယ်ပေးရန် မြတ်စွာဘုရား ဟောကြားသည့် “ရာဇာပဋ္ဌာန” ဆိုသည့်အတိုင်း မင်းအစိုးရသာလျှင် အဓိကကျသည်ဟု ဆိုထားကြောင်း၊ ထို့ကြောင့် သာသနာတော် ကာကွယ်ရန် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ဘာသာရေးနှင့် ပတ်သက်သည့်   ဆရာတော် သံဃာတော်များကို ပုတ်ခတ်လျှင်၊ ထိပါးစော်ကားလျှင် မည်သို့ ပြင်းထန်သည့် ဥပဒေ၊ ပုဒ်မသတ်မှတ်ပြီး မည်သို့ပြစ်ဒဏ်ချမှတ်မည်၊ လူကိုသတ်လျှင် တစ်မျိုး၊ သံဃာတော်ကို သတ်လျှင်တစ်မျိုး၊ သံဃာတော်ကိုသတ်လျှင်    အယူခံမရှိပြစ်ဒဏ် ချမှတ်ခြင်းခံရမည်   စသည်ဖြင့် သီးသန့်ပုဒ်မများ  ပြဋ္ဌာန်းပေးထားစေလိုကြောင်း၊ ထိုသို့ ပြဋ္ဌာန်း ပြီးဆောင်ရွက်မှသာ မိမိတို့ဗုဒ္ဓဘာသာ  သံဃာတော်များအား အကာကွယ် ပိုမိုရရှိနိုင်မည်ဟု ယူဆမိသဖြင့် လက်ရှိအချိန်တွင် ယင်းကိစ္စများအတွက် အရေးပေါ် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှ/မရှိ သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘာသာရေးနှင့် ပတ်သက်လျှင် ဗုဒ္ဓဘာသာကို စော်ကားသည့် အပြုအမူများ၊ ဘာသာရေးစိတ်ကို နာကျည်းစေသည့် အပြုအမူများအတွက် အရေးယူရန် ရာဇသတ်ကြီးဥပဒေ အခန်း ၁၅ ၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများတွင် ပါရှိသည့် ပုဒ်မများဖြင့် ဆောင်ရွက်၍ရကြောင်း၊ ဥပဒေပုဒ်မ ၂၉၅ ၊ ၂၉၅(က)၊ ၂၉၆ မှ ၂၉၈ အထိ ဆောင်ရွက်နိုင်ကြောင်း၊ အွန်လိုင်းပေါ်တွင် မဟုတ်မမှန် ရေးသား စော်ကားမှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ သီးခြားဥပဒေများ ရေးဆွဲထားခြင်း မရှိကြောင်း၊ သို့သော် ဥပဒေဆိုသည့် အကြောင်းအရာများ၊ ပညတ်ဆိုသည့် အကြောင်းအရာများ ပေါ်ပေါက်လာခြင်းသည် အများအားဖြင့် လိုအပ်ချက်များအရ၊ တောင်းဆိုမှုများအရ ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်လည်း သတင်းထောက်ကြီး ပြောသကဲ့သို့ အမှန်တကယ် ဖြစ်ပျက်နေကြောင်း၊ သို့သော် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည်လည်း    လိုအပ်ချက်အရ ပေါ်ပေါက်ကောင်း   ပေါ်ပေါက်လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာများနှင့် ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပြီးနောက် NUG အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် အမည်ခံထားသူ    မျိုးရန်နောင်သိမ်းက အွန်လိုင်းတွင် တင်ထားသည့်  သီတဂူဆရာတော်ကြီးနှင့်   ဆရာတော် သံဃာတော်များကို ပုတ်ခတ်စော်ကားထား သည့် ဗီဒီယိုကို ဖွင့်ပြပြီး ရမ်းကားမှုကို တွေ့ရမည်ဖြစ်ကြောင်း၊ တောင်းဆိုချက်များအရ ထိရောက်မှု ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာ ဦးဥက္ကာက မိမိမေးမြန်းမည့် မေးခွန်းတွင် အချက် ၃ ချက်ရှိကြောင်း၊ နံပါတ်(၁)အချက်မှာ ဗဟိုဘဏ်ကဒေါ်လာငွေများကို ချုပ်ကိုင်လာခြင်းနှင့်  နိုင်ငံခြား ကြွေးမြီများကို ပြန်ဆပ်ရန် ဆိုင်းငံ့ခိုင်းခြင်းနှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို   ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဖြေကြားစေလိုကြောင်း၊ နံပါတ်(၂)အချက်မှာ မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ဖြစ်လာနိုင်သည်ဟု ကောလာဟလများ ထွက်နေကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်သွားမည်ကို သိလိုပါကြောင်း၊ နံပါတ်(၃)အချက် အနေဖြင့်  NUG  အကြမ်းဖက်အုပ်စုများက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းက တစ်ဆင့် ဆက်ကြေးများ ကောက်ခံခြင်းရှိကြောင်း၊ ဆက်ကြေး ကောက်ခံသည့်နေရာတွင်    ဆက်ကြေးမပေးလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရသည် အထိရှိသည်ဟု ကြားသိရကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များဘက်မှ မည်သို့ အကာအကွယ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ စီစဉ်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗဟိုဘဏ်၏ ဒေါ်လာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်နိုင်ရန်   နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြော်ငြာစာအရ နိုင်ငံခြားငွေ ကြီးကြပ်မှု ကော်မတီအနေဖြင့်  ပြည်ပသို့ နိုင်ငံခြား ငွေပေးချေ လွှဲပြောင်းရေးအတွက် ဘဏ်သို့ဝင်ရောက်လာသည့် ကုန်သွယ်မှုလုပ်ငန်းများမှ ရငွေနှင့် ကုန်သွယ်မှုမဟုတ်သည့် လုပ်ငန်းများမှ ရငွေများကို စိစစ်ပြီး ခွင့်ပြုပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့သော ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်ပချေးငွေများ ဆိုင်းငံ့ခြင်းသည် လုပ်ငန်းရှင်များ အနေဖြင့် ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရန်အတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ငွေကြေးမတည်မှုနှင့် လုပ်သားရရှိနိုင်ရန် အရေးကြီးကြောင်း၊ ချည့်နဲ့စပြုလာသည့် လုပ်ငန်းများ အနေဖြင့် ခွန်နှင့်အားနှင့် ရုန်းကန်လုပ်နေရသည့် အချိန်ဖြစ်ကြောင်း၊ မတည်ရင်းနှီးထားသည့် ငွေရင်းနှင့် ပြည်တွင်း၊ ပြည်ပက ရယူထားသည့် ချေးငွေများသည် အဓိကအချက်တွင် ပါဝင်ကြောင်း၊ ပြည်တွင်းချေးငွေများနှင့် ပတ်သက်ပြီး ချေးငွေများ ပြန်ဆပ်ရမည့် အစီအမံကာလတစ်ခုကို ဖြေလျှော့ပေးထားကြောင်း၊ ကိုဗစ်အလွန်လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ငွေရင်းထပ်မံတိုးချဲ့ရေး အတွက် အခက်အခဲရှိသကဲ့သို့ ချေးယူထားသည့် ငွေများရှိပါက ယင်းချေးငွေများကို အတိုးနှင့်အရင်းများ ပေးဆပ်ရန်ရှိမှာဖြစ်ကြောင်း၊ ယင်းနှစ်ခုအနက်မှ ပြန်လည် ပေးဆပ်ရမည့် ကိစ္စရပ်များအတွက် ဗဟိုဘဏ်အနေဖြင့် ကာလတစ်ခု ဆိုင်းငံ့စေခြင်းသည် လုပ်ငန်းရှင်များ   အရှိန်ရယူနိုင်ရန် အထောက်အပံ့ ဖြစ်စေခြင်းသာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ဆိုင်းငံ့လိုသည်ဆိုလျှင် ထိုအတိုင်း ဆိုင်းငံ့၍ မရကြောင်း၊  Payment Schedule အရ  ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်ကို ငွေချေးယူသူနှင့် ငွေချေးငှား သူတို့ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်ရန် အသိပေး အကြောင်းကြားခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး Negative Impact ဖြစ်စရာ အကြောင်းမရှိ ကြောင်း၊ လိုရာဆွဲတွေးပြီး အကျိုးမဲ့စေမည့် ဖြစ်ရပ်မရှိကြောင်း၊ အပြုသဘောဆောင်သည့် မှတ်ချက်ပြုပြီး ပြည်သူလူထုကို အနှောင့်အယှက်လုပ်ရင်း ငွေဈေးနှုန်း၊ ကုန်ဈေးနှုန်းများ တက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မိမိမြင်ကြောင်း၊ ယင်းကိစ္စများသည် သဘောတူညီချက်များနှင့် လုပ်ဆောင်သွားရမည့် ကိစ္စများဖြစ်ကြောင်း၊   မိမိရပ်ဆိုင်းလိုတိုင်း ရပ်ဆိုင်း၍မရကြောင်း၊ သဘောတူညီချက်ရယူပြီး လုပ်ဆောင်ရမည်ဟုသာ ပြောခြင်းဖြစ်သည်ဟု  ပြောလိုကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခြင်းကို တွေ့ရကြောင်း၊ တချို့မည်မျှအထိ ဆိုးရွားသလဲဆိုလျှင် ကုမ္ပဏီ၏ လိပ်စာများအထိ ပို့ကြောင်း၊   ကုမ္ပဏီနှင့်ပြည်သူလူထုနှင့် ဆက်သွယ်သည့် E- mail လိပ်စာ မဟုတ်ကြောင်း၊ ထို E- mail လိပ်စာသည် သီးသန့်ပေးထားသည့် E- mail လိပ်စာဖြစ်ကြောင်း၊ အခွန်ဆောင်ရန် ပေးထားသည့် သီးသန့်ပေးထားသည့် E- mail လိပ်စာထဲသို့ ဝင်ပြီးမှ ပို့သည်များကို တွေ့ရကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး တချို့သတင်း ပေါက်ကြားမှုများရှိသည်ကို သိရကြောင်း၊ ၎င်းတို့ကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်  တချို့လည်း ငွေကြေးပေးနေသည်ဟု ကြားသိရကြောင်း၊   ယင်းနှင့်ပတ်သက်ပြီး ဆင်ခြင်ကြရန် ပြောလိုကြောင်း၊ အကာအကွယ် ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာဦးဥက္ကာက နံပါတ်(၂)အချက်ဖြစ်သည့် မြန်မာနိုင်ငံကို သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာနိုင်သည်ဟု ပြောနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး မည်သို့မှတ်ချက် ပေးလိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ ဖြစ်လာနိုင်စရာ အကြောင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင် အရန်ငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ကြောင်း၊ အရန်ငွေကြေး ဖြစ်သည့် ယွမ်ကဲ့သို့ ငွေကြေးများလည်း စုဆောင်းပြီးဖြစ်ကြောင်း၊ ငွေကြေးပမာဏကို မပြောနိုင်သော်လည်း ထိုက်သင့်သည့် ငွေကြေးပမာဏ စုဆောင်းပြီး အခြေခံရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာဦးဥက္ကာ က ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် စီးပွားရေး လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည်လည်း တစ်ဖက်တစ်လမ်းက ပါဝင်သည်ဟု သတင်းသမားအနေဖြင့် မြင်မိကြောင်း၊ အကယ်၍ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ အစီအစဉ်နှင့် ဒေါ်လာကို ပြင်ပပေါက်ဈေးဖြင့်ဝယ်ပြီး သွင်းကုန်ကိုသွင်းလျှင် ထိုသွင်းကုန်အတွက် လိုင်စင်ပါမစ် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့် ပတ်သက်ပြီး အစီအစဉ် မရှိကြောင်း၊ သွင်းကုန်နှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့် စီးပွားကူးသန်းနှင့် စီမံဘဏ္ဍာတို့က ကန့်သတ်ထားသည့် သွင်းကုန်များရှိကြောင်း၊ မိမိတို့အနေဖြင့်   နိုင်ငံခြားငွေချွေတာ နိုင်ရန်အတွက်   ကန့်သတ်ထားသည့် ကုန်များရှိကြောင်း၊ ကန့်သတ်ထားသည့် ကုန်များမဟုတ်လျှင် လုပ်ထုံးလုပ်နည်းများအတိုင်း  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကန့်သတ်ထားသည့် ကုန်များအနေဖြင့် ဆောင်ရွက်ခွင့် မပေးခြင်းကို ပြုပြင်ပေးရန် ယခုအချိန်ထိ မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်း သတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ငွေကျပ် ၄၀၀ ဘီလီယံကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အတိုးနှုန်းသက်သာစွာဖြင့် ငွေထုတ်ချေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း၊ မည်သည့်လုပ်ငန်း အမျိုးအစား၊ မည်သည့်စံ သတ်မှတ်ချက်များဖြင့် ထုတ်ချေးသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိရှင်းလင်းခဲ့သည့် အထဲတွင် တချို့အချက်များ ပါဝင်ပြီးပြီဖြစ်ကြောင်း၊ အဓိက လုပ်ဆောင်ရခြင်း၏ အကြောင်းသည် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထုတ်ချေးမည့် ငွေကျပ်ဘီလီယံ ၄၀၀ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြောင်း၊ ၎င်းတို့၏ အဓိက စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   စီးပွားရေး လုပ်ငန်းများဖြစ်ကြောင်း၊   ထိုငွေများကို အဓိက ရည်ညွှန်းခြင်းသည် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ပြည်နယ်များတွင်ရှိသည့် ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ အခြေခံဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ အခြေခံ လူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို အဓိကထားကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် အခြားသော စီးပွားရေးကဏ္ဍများကို မြှင့်တင်ရေးဟူ၍ မိမိတို့၏ စီးပွားရေး ဦးတည်ချက်ထဲတွင် ပါဝင်ကြောင်း၊ အခြားသော စီးပွားရေးကဏ္ဍများကို ဦးစားပေး ဆောင်ရွက်သွားမည်မှာ အခြေခံလူထုကို အလုပ်များများ  ပေးနိုင်သည့် လုပ်ငန်းများ၊ စီးပွားရေး တိုးတက်မှုကို မြန်မြန်ဆန်ဆန် ရနိုင်သည့်လုပ်ငန်းများကို   အဆင့်လိုက် ဦးစားပေးပြီး ဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ကော်သူးလေလက်နက်ကိုင် အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်ဒေသများထဲတွင် ၁၉၅၆ ခုနှစ်ကတည်းက ကော်သူးလေတပ်မတော် ဆိုပြီးပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဘိုမြ၏သား စောနယ်ဒါးမြက ဦးဆောင်၍    ကော်သူးလေ တပ်မတော် ဆိုသည့်အမည်နာမကို ပြန်လည်သုံးစွဲပြီး ကော်သူးလေ လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ စောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေ လက်နက်ကိုင်အဖွဲ့ကို KNUနှင့် KNLA/KNDO စသည့် EAO အဖွဲ့များက   အသိအမှတ် မပြုသည့်အပြင် စောနယ်ဒါးမြကိုလည်း  KNU မှ ထုတ်ပယ်လိုက်ကြောင်း  Statement  လည်း တွေ့ရကြောင်း၊ ကော်သူးလေ လက်နက်ကိုင်အဖွဲ့ကို     ပြင်းထန်စွာ အရေးမယူလျှင် နောက်နောင် လက်နက်ကိုင်များစွာ၊ အဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာမည်ကိုလည်း   စိုးရိမ်မိကြောင်း၊   ထို့ကြောင့်   ကော်သူးလေ လက်နက်ကိုင်အဖွဲ့ကို EAO အဖွဲ့အဖြစ် သတ်မှတ်ဆွေးနွေးမည်လား၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ချေမှုန်းမည်လား ဆိုသည်ကို ရှင်းလင်း ပြတ်သားစွာ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ၎င်းတို့လည်း ပြောပြီးသားဖြစ်ကြောင်း၊ KNU  မှခွဲထွက်ခြင်းသည် KNU  ထဲတွင် NCA လမ်းကြောင်းကို လိုလားသည့် လူများ၊ တပ်များရှိနေသဖြင့် ခွဲထွက်ခြင်းဖြစ်သည်ဟု ပြောပြီးဖြစ်ကြောင်း၊          

ယင်းအဖွဲ့သည် ငြိမ်းချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဦးဆုံး သတ်မှတ်သည်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အဓိကနှောင့်ယှက်လာနိုင်သည့် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ကြောင်း၊ နံပါတ်(၂)အနေဖြင့် နှိုင်းယှဉ်ခြင်းဖြစ်ကြောင်း၊ ဝေါလေတွင် အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် KNU မှ ယင်းအဖွဲ့ကို ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှု မြောက်သည့်    လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် KNU တို့ကသာ ထောက်ခံခြင်း မရှိသော်လည်း ယင်းအဖွဲ့ကို ထောက်ခံသည့် အဖွဲ့အစည်း တစ်ဖွဲ့ရှိကြောင်း၊ မည်သူက ထောက်ခံသလဲဆိုသည်ကို ဒေါ်လာတစ်သန်းပေးခဲ့သည် ဆိုသည်ကို မိမိရှင်းပြခဲ့သည့်အထဲတွင် ပြသပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း၏ စံနှုန်းကို သတ်မှတ်ရာတွင်   ယင်းအဖွဲ့အစည်းသည်  KNU အဖွဲ့ကပင် ထုတ်ပစ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊  ယင်းအဖွဲ့သည် အရပ်သားပါမရှောင် သတ်ဖြတ်နေသည့်    အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့်  “မူ” ရှိသည့် အဖွဲ့အစည်းဟု မိမိတို့ မသတ်မှတ်ကြောင်း၊ “မူ” မရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မူမရှိသည့်အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖြစ်နိုင်စရာ အကြောင်းမရှိကြောင်း၊ ယင်းကော်သူးလေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ပြန်လည်ဖြေကြားသည်။

Trend ဂျာနယ်မှ   အယ်ဒီတာချုပ် ဦးဝဏ္ဏက အာဆီယံ အထူးသံတမန်လည်း ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည့် ပရက်ဆုတ်ခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရန် အလားအလာကောင်း ရှိသည်ဟု ဇူလိုင်လ  ၂၂ တွင် ဖနွမ်းပင်သတင်းစာနှင့် သတင်းဌာန အများစုက ဖော်ပြခြင်းကို တွေ့ရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရေး အဖွဲ့အနေဖြင့် မည်သည့်အခြေအနေများ ရှိပါသလဲ၊ မည်သည့်အချိန်တွင် တွေ့ဆုံမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   မိမိတို့ အနေဖြင့် တချို့သတင်း ဌာနအများစုကိုလည်း ဖြေဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ပထမဦးဆုံး ပြောကြားလိုသည်မှာ နိုင်ငံရေးတွင် မဖြစ်နိုင်ဘူး ဆိုသည့်ကိစ္စမရှိဟု ပြောလိုကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ်၏ ပြောကြားချက်အပေါ်တွင် သီးခြားမှတ်ချက် ပေးစရာမရှိကြောင်း၊ ဒုတိယသတင်းစကား အနေဖြင့်  နိုင်ငံရေးတွင် မဖြစ်နိုင်စရာ မရှိဘူးဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ယခုကာလတွင် အွန်လိုင်းဂိမ်းများ အများအပြား ထွက်ပေါ်လာသည်ကို တွေ့ရကြောင်း၊ အွန်လိုင်းဂိမ်းများတွင် Slot Game ငါးပစ်ဂိမ်းများ နည်းမျိုးစုံဆော့သည့် ဂိမ်းများ၊ Facebook ၊ Titok ဆယ်လီများက ၎င်းတို့၏ ရုပ်သံများတွင် ကြော်ငြာများကို တရားဝင် ခွင့်ပြုထားသည့်ပုံစံများဖြင့်   ထည့်သွင်း ကြော်ငြာခြင်းများ   တွေ့ရကြောင်း၊ ၎င်းတို့၏ဖုန်းနံပါတ်များ၊ KBZ ၊ AYA ဘဏ်များနှင့် ချိတ်ဆက်ထားသည့် အရာများ ပေါ်ပေါ်ထင်ထင်ကြော်ငြာ လုပ်ဆောင်နေသည်များ ရှိကြောင်း၊ ထိုကိစ္စများကို ဖော်ထုတ်ပြီး အရေးယူမည်ဆိုလျှင် လွယ်ကူသည့် အခြေအနေတစ်ရပ်ဟု မြင်ရကြောင်း၊ ထိုကိစ္စများကို အရေးယူဆောင်ရွက်ရန် ရှိ/မရှိသိလိုကြောင်း၊  ယခုကာလတွင် ဘဏ်များ၌ ဓားပြတိုက်ခံရသည့် ကာလဖြစ်သည့်အတွက် အကြမ်းဖက်နှင့် ဆက်စပ်ပြီး လောင်းကစားကိစ္စများ၊ ရာဇဝတ်မှုများ ပိုမိုများပြားလာခြင်းလား ဆိုသည့် စဉ်းစားမှုများရှိလာကြောင်း၊ မည်ကဲ့သို့ အရေးယူရန် ရှိ/မရှိ သိလိုကြောင်း၊ ထို့နောက် အခြား အဆင့်တပ်မတော်သားများ အရာရှိဖြစ်ရန် ယခင်က   လုပ်သက်၊ စည်းကမ်း ကောင်းမွန်မှုများဖြင့် သတ်မှတ်ကြောင်း၊  ယခု    အသက် ကန့်သတ်ချက်များဖြင့် လုပ်ထားသည့် သတင်းများ ကြားသိရကြောင်း၊ အသက် ၁၈ နှစ်ကတည်းက တပ်မတော် ထဲဝင်ပြီး စည်းကမ်းကောင်းမွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများက အရာရှိဖြစ်ရန် နောက်ကျခဲ့ပြီး အသက်ကြီးမှ ဝင်လာသည့်သူက အရာရှိဖြစ်သွားသည့် အခြေအနေမျိုးကိုလည်း ပြန်ပြီး သုံးသပ်ရန် ရှိ/မရှိ သိလိုကြောင်း၊ မန္တလေး မဟော်သဓာကိစ္စနှင့် ပတ်သက်ပြီး NLD အစိုးရလက်ထက်တွင် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်များကို တရားစွဲဆိုခဲ့ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့သည့်   ဥပဒေနှင့် မရရအောင် တရားစွဲဆိုခဲ့ခြင်းများ ရှိခဲ့ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အပြောင်းအလဲဖြစ်ပြီးနောက် ပြန်လည်တင်ပြပါဆို၍ ပြန်လည်တင်ပြခဲ့ကြောင်း၊   ယခုအချိန်ထိ အဖြူ၊ အမည်း  မသဲကွဲသေးကြောင်း၊ ဆောက်လုပ်ခွင့် ရရှိရန် မျှော်လင့်နေကြကြောင်း၊ ထိုကိစ္စအပေါ်တွင် မည်သည့်အတွက်ကြောင့်  ကြန့်ကြာနေခြင်းဖြစ်သည်ကို     သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းဂိမ်းကိစ္စများနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ     တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေး မဟော်သဓာကိစ္စနှင့် ပတ်သက်၍ အဆင့် ဆင့်တင်ပြထားသည်များ ရှိကြောင်း၊ မိမိတို့ စိစစ်ဆောင်ရွက်နေကြောင်း၊  တချို့သော မူဝါဒများရှိကြောင်း၊ ယခင်သတင်းစာ  ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ထိုကျောင်းသည် အဆင့်မီမှန်း သိရကြောင်း၊ သို့သော် မိမိတို့အနေနှင့် တစ်ခုတည်း လုပ်ရခြင်း မဟုတ်ကြောင်း၊  အများနှင့် လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရှိကြောင်း၊ တချို့ပညာရေးဝန်ကြီးဌာနမှ ဘုန်းတော်ကြီးသင်    ပညာရေးကျောင်းများ၏ ဆရာ/ဆရာမများကို မိမိတို့က အဆင့်မြှင့်တင်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ ကို လုပ်ဆောင်ပေးနေကြောင်း၊ အလယ်တန်း အဆင့်ထိ လက်ခံကြောင်း၊ အလယ်တန်း အဆင့်မှ အသက်မွေးဝမ်းကျောင်း ပညာကို ကူးမည့်အဆင့်ထိ သင်ကြားပေးနိုင်သည် အထိ ခွင့်ပြု၍ ရကြောင်း၊ သို့သော် အထက်တန်းအဆင့်တွင်  အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘွဲ့ယူမည့်လမ်း ကြောင်းကို သွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပြန်လည်စိစစ်၍ မူဝါဒချထားရာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ပြီးသည်က ရှိပြီးဖြစ်ကြောင်း၊ ယခင်ကရှိပြီး ဖြစ်သည့် ကျောင်းများကို လက်ရှိ အခြေအနေအတိုင်း ဆက်လက် ခွင့်ပြုပေးမည် ဖြစ်ပြီး နောက်ထပ်ဖွင့်လှစ်မည့် ကျောင်းများကို  အလယ်တန်းအဆင့် အထိသာ ခွင့်ပြုပြီး အထက်တန်း အဆင့်ကိုမူ အခြေခံပညာ အထက်တန်းကျောင်းများတွင် ပြန်လည် တက်ရောက်စေရန် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်နေကြောင်း၊ ၎င်းအပြင် မဟော် သဓာကျောင်း မြေလျှောက်ထားမှုမှာ ပညာ ဒါနစာသင်ကျောင်း ဆောက်လုပ်ရန် တင်ပြ လာခြင်းဖြစ်ပြီး မြေလျှောက်ထားမှု ၁.၂၇ ဧကရှိကြောင်း၊ OA (အခြားမြေ)ဖြစ်တဲ့ အတွက် အစိုးရစီမံ ခန့်ခွဲမှုမြေဖြစ်ရန် အတွက် သက်ဆိုင်ရာဌာနများမှ အမှုတွဲများ တည်ဆောက် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တချို့ကိစ္စများတွင် မူဝါဒအရ ကြန့်ကြာ နေရခြင်းဖြစ်ကြောင်း၊ နံပါတ်(၂)မေးခွန်းသည် အခြားအဆင့် စစ်သည်များ အရာရှိ ဖြစ်ရန်ကိစ္စကို ပြောရမည်ဆိုပါက တပ်မတော် တွင် ကျောင်းများရှိကြောင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့်  တပ်မတော်ဆေးပညာ တက္ကသိုလ်တို့ကို မဆိုလိုဘဲ ယခုနောက်ပိုင်းတွင် ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်းများ ပေါ်ပေါက်လာကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ် ထူထောင်ရန်အတွက်  လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ အင်ဂျင်နီယာ ဘာသာရပ်တွင်လည်း  GTI အဆင့်နှင့် ညီသည့်ကျောင်းများ ပေါ်လာကြောင်း၊ ၎င်းအသက်တို့နှင့် နှိုင်းယှဉ်ရကြောင်း၊ သို့သော် စစ်မြေပြင် ထူးချွန်မှုရှိသည့်အပြင် လုပ်ငန်းကျွမ်းကျင်မှု၊  လုပ်ရည်ကိုင်ရည်များကို ကြည့်ရှုရပါကြောင်း၊ တချို့သော စက်မှုလက်မှု စစ်သည်များဆိုလျှင် ၎င်း၏ကျွမ်းကျင်မှု၊ အလုပ်အကိုင်ပေါ် မူတည်ပြီး ခန့်အပ်ရေး၊ အဆင့်တိုးမြှင့်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျောင်းများနှင့် ချိန်ညှိရသည့်အတွက် ယခင်ကထက် အနည်းငယ် ကန့်သတ်ချက်များ ရှိကြောင်း၊ သို့သော်  ကန့်သတ်ချက်များ ကျော်လွှားနိုင်သည်က စစ်မြေပြင် ထူးချွန်သည့်သူများ၊ တကယ် အလုပ်လုပ်သည့်သူများ အတွက် သီးခြား အရည်အချင်း သတ်မှတ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ အွန်လိုင်းဂိမ်း ကိစ္စများနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နိုင်သည့် အခြေအနေများကို ပြောကြား ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်၊၊

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အွန်လိုင်းဂိမ်းများနှင့် ပတ်သက်ပြီး လက်ရှိလောင်းကစား ဥပဒေအရ မိမိတို့ ခွင့်ပြုထားသည်များ မရှိကြောင်း၊ အွန်လိုင်းဂိမ်းများနှင့် ပတ်သက်ပြီး CID တွင် နည်းပညာဌာန ရှိကြောင်း၊ CID နည်းပညာဌာနမှ  အွန်လိုင်းဂိမ်း လုပ်သည့်အကောင့်များကို စောင့်ကြည့်စိစစ်ပြီး ၎င်းတို့၏ အချက်အလက်များကို ဆက်လက်ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့က ဂိမ်းများနှင့် ပတ်သက်ပြီး သံသယရှိသည့် ငွေကြေးလွှဲပြောင်း မှုများကိုလည်း ငွေကြေးဆိုင်ရာမှုခင်းများ တားဆီးနှိမ်နင်း စောင့်ကြည့်ရေး ရဲတပ်ဖွဲ့များက စောင့်ကြည့်စိစစ်ပြီး သက်ဆိုင်ရာ မသင်္ကာသည့် ဘဏ်အကောင့်များ စိစစ်ထားခြင်း၊ ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ရန် ထိုဘဏ်အကောင့်များ ဖျက်သိမ်းနိုင် ရေးကို ပေါင်းစပ်ပြီး ဆောင်ရွက်နေကြောင်း၊ ထိုအကောင့်များကို စိစစ်သည့်နေရာတွင် တချို့အကောင့်များသည် ၎င်းတို့၏ Profile ကို  လျှို့ဝှက်ထားခြင်းများ ရှိသည့် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရသည့် အပိုင်းများရှိကြောင်း၊ အွန်လိုင်းဂိမ်းများကို မိမိတို့က    CID နည်းပညာ အကူအညီများဖြင့် စိစစ်ဖော်ထုတ်ပြီး ဆောင်ရွက်နေကြောင်း     ဖြည့်စွက်ဖြေကြားသည်၊၊

ဆက်လက်ဖော်ပြပါမည်။