ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၈ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှု သုည ဒသမ ၂၉ ရာခိုင်နှုန်းရှိ
နေပြည်တော် ဇူလိုင် ၂၈
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၇-၇-၂၀၂၂ ရက် ည ၈ နာရီမှ ၂၈-၇-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၁၉၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၂၉ ရာခိုင်နှုန်းရှိသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၅၁၇၉၉၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၄၀၀၉ ဦးရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၇ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၈၆၅ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။