ယူကရိန်းက ဒိုးနက်ဒေသသို့ တားမြစ် လူသတ်နင်းမိုင်းများ ကြဲချနေဟုဆို

ယူကရိန်းက ဒိုးနက်ဒေသသို့ တားမြစ် လူသတ်နင်းမိုင်းများ ကြဲချနေဟုဆို

ယူကရိန်းတပ်ဖွဲ့များက  ဒိုးနက်မြို့ရှိ လမ်းမများပေါ်သို့  တားမြစ်ထားသည့် လူသတ်နင်းမိုင်းများကို ကြဲချနေကြောင်း မြို့တော်ဝန် အလက်ဆီကူလမ်ဇင်က ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

ယူကရိန်းတပ်ဖွဲ့များသည် ဇူလိုင် ၂၇ ရက်ညတွင် တားမြစ် PFM-1  လူသတ်နင်းမိုင်းများကို လေယာဉ်ပေါ်မှ ကြဲချသွားခြင်းဖြစ်ပြီး  ဒိုးနက်မြို့အနောက်မြောက်ပိုင်းရှိ လမ်းမများပေါ်၌    မိုင်းအမြောက်အမြား ရှာဖွေတွေ့ရှိရကြောင်း   မြို့တော်ဝန်က ၎င်း၏ တယ်လီဂရမ်စာမျက်နှာတွင် ရေးထားသည်။

ဗုံးရှင်းလင်းရေးအဖွဲ့နှင့် ကယ်ဆယ်ရေး သမားများက ၎င်းတို့၏ တာဝန်များကို ဇူလိုင် ၂၈ ရက်  နံနက်အစောပိုင်းကတည်းက ထမ်းဆောင်နေကြောင်း၊   အသံချဲ့စက် တပ်ဆင်ထားသည့် မော်တော်ယာဉ်တစ်စီးကလည်း ဒေသခံများကို လိုက်လံ သတိပေးနေကြောင်း မြို့တော်ဝန်က ပြောသည်။

လိပ်ပြာပုံစံ PFM-1 လူသတ်နင်းမိုင်းများ အသုံးပြုမှုကို ၁၉၉၇ ခုနှစ် အော့တဝါ ကွန်ဗင်းရှင်းအရ တားမြစ်ထားခြင်း ဖြစ်ပြီး ယူကရိန်းနိုင်ငံကလည်း ထိုကွန်ဗင်းရှင်းတွင်ပါဝင်လက်မှတ် ထိုးထားသည့် တစ်နိုင်ငံဖြစ်သည်။ အဆိုပါ နင်းမိုင်းများကို နင်းမိသူများအနေဖြင့် သေစေသည်အထိ ပြင်းထန်ခြင်း မရှိသော်လည်း   ခြေထောက်ပြတ်သည် အထိဖြစ်စေနိုင်သည်။

လူးဟန့်မြို့  တာဝန်ရှိသူများကလည်း ထိုမြို့မှ ယူကရိန်း တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားစဉ် ၎င်းတို့နေထိုင်ရာနေရာများမှ PFM-1လူသတ်နင်းမိုင်းများကို တွေ့ရှိရကြောင်း   အစောပိုင်းတွင် ထုတ်ပြန်ထားသည်။