တရုတ်နှင့် တင်းမာမှုမြင့်တက်နေစဉ် တောင်တရုတ်ပင်လယ် အတွင်းသို့ အမေရိကန် လေယာဉ်တင် သင်္ဘောဝင်ရောက်လာ

တရုတ်နှင့် တင်းမာမှုမြင့်တက်နေစဉ် တောင်တရုတ်ပင်လယ် အတွင်းသို့ အမေရိကန် လေယာဉ်တင် သင်္ဘောဝင်ရောက်လာ

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီအနေဖြင့် တရုတ်(တိုင်ပေ)သို့ လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့ကြား  တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်က တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာကြောင်း  သိရသည်။

Nimitz  အတန်းအစား နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောသည် စင်ကာပူနိုင်ငံသို့    ငါးရက်ကြာအလည် အပတ်ခရီး သွားရောက်ပြီးနောက် ဇူလိုင် ၂၆ ရက်တွင် ချန်ဂီရေတပ်စခန်းမှ ထွက်ခွာကာ တောင်တရုတ်ပင်လယ်သို့ ဝင်လာပြီ ဖြစ်ကြောင်း    အမေရိကန်အမှတ်(၇) ရေယာဉ်စုက ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)သို့ လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍  တရုတ်အစိုးရက  လက်တုံ့ပြန်ရေးအတွက် ကောင်းစွာ ပြင်ဆင်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ပြောပြီးနောက်    တောင်တရုတ်ပင်လယ်သို့    အမေရိကန်လေယာဉ်တင်သင်္ဘော ဝင်လာခြင်းဖြစ်သည်။

နန်စီပီလိုဆီ အနေဖြင့် တရုတ်(တိုင်ပေ)သို့ ရောက်ရှိလာနိုင်သည့်  ခရီးစဉ်အတွင်း တရုတ်စစ်ဘက်က   ဝေဟင်၊  ရေပြင် ကင်းလှည့်မှုများကို တိုးမြှင့် လုပ်ဆောင်လာနိုင်သော်လည်း ထို့ထက်ပို၍ မည်သည့်အရာမျှ ဖြစ်မလာနိုင်ကြောင်း အင်ဒို-ပစိဖိတ်ကာကွယ်ရေးမူဝါဒ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် ဘလိတ်ဟာဇင်ဂါက ပြောထားသည်။

အမေရိကန်စစ်ဘက်ကမူ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ်က အကြံကောင်း ဖြစ်သည်ဟု မထင်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့သည့်သီတင်းပတ်တွင်  သတင်းထောက်များကို ပြောသည်။

အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို စွဲကိုင်ထားသည်ဟု ကတိပြုထားသော်လည်း  နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည့်   အောက်လွှတ်တော် ဥက္ကဋ္ဌက တရုတ်(တိုင်ပေ)သို့  လာရောက်ရန် စီစဉ်မှုသည် အမေရိကန်၏ ကတိပြုမှုကို မေးခွန်းထုတ်ဖွယ်ရာ ဖြစ်စေကြောင်း သိရသည်။