နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၈ )ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ-၃

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၈ )ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ-၃

ယမန်နေ့မှအဆက်

Myanmar Insider Journal မှ အယ်ဒီတာချုပ် ဦးအေးချမ်းက  Social Punishmentနှင့် ပတ်သက်ပြီး  မြန်မာ နိုင်ငံက မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများကို တပ်မတော်နှင့် ပတ်သက်ခြင်း၊ တပ်မတော်မိသားစုပိုင် ဖြစ်ခြင်း၊ တပ်မတော်ကို မပုန်ကန်ခြင်းတို့ကြောင့် ကုမ္ပဏီကို ပျက်စီးအောင်   Social Punishment လုပ်ခြင်းသည်  Digital အကြမ်းဖက်မှု တစ်ရပ်ဖြစ်သည့်အပြင် အွန်လိုင်းမှ မြန်မာ့စီးပွားရေးကို တိုက်ရိုက်ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ ထိုကုမ္ပဏီများကလည်း နိုင်ငံတော်စီးပွား ပြန်လည်တိုးတက်ရန် အပြည့်အဝ ပြန်လည်ကူညီ လုပ်ဆောင်လိုသည့်အချိန်တွင် Social Punishment ၏ ဘေးရန်ကာကွယ်ရန် မရှိသည့်အတွက်ကြောင့် အပြည့်အဝပြန်လည် စတင်လုပ်ဆောင်ရန် ခက်ခဲနေကြောင်း၊ ထိုသို့သော မြန်မာ ကုမ္ပဏီများကို  Social Punishment အကြမ်းဖက်မှုမှ ကာကွယ်ရန်နှင့် နောက်နောင် Social Punishmentထပ်လုပ်လျှင် အစိုးရက မည်သို့ကာကွယ်ပေးမည်လဲဆို သည်ကိုသိလိုကြောင်း၊ နံပါတ်(၂)မေးခွန်းသည်  Facebook နှင့်ပတ်သက်ကြောင်း၊ နိုင်ငံတော်ပုန်ကန်ခြင်းဖြစ်စေ၊ သတင်းဦး သတင်းထူးမှားများ ဖြန့်ဝေခြင်းဖြစ်စေ၊ နိုင်ငံတော်ပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်စေ၊ လူကုန်ကူးခြင်း၊ ဘေးမဲ့တိရစ္ဆာန် ကုန်ကူးမှု၊ ငွေစက္ကူအတု၊ မကောင်းတာမှန်သမျှ လုပ်သည့် latform သည် Facebook ဖြစ်နေသည့်အတွက် Facebook သည် ပိုအကျိုးယုတ်သည်ကို လူအများစုက လက်ခံကြောင်း၊ ၂၀၁၃ ခုနှစ် အင်တာနက်များဖွင့်သည့် အချိန်ကစပြီး မြန်မာကုမ္ပဏီများက Facebook ကြော်ငြာပေါင်းများစွာ သန်းနှင့်ချီ လစဉ်ထည့်ခဲ့ကြောင်း၊ ထိုအတွက် Facebook ကလည်း မြန်မာပြည်အတွက် ဝင်ငွေခွန်တစ်ပြားမှ မပေးခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်  ကောင်းကျိုးနည်းပြီး ဆိုးကျိုးအများကြီးရှိနေသည့်   Digital

Platform တစ်ခုကို အစိုးရက မည်ကဲ့သို့လုပ်ဆောင်မည်ကို သိလိုပါကြောင်းနှင့် အစိုးရအနေဖြင့် Facebook အား Contacts လုပ်လာစေချင်လျှင် လွယ်လွယ်လေးဖြစ်ကြောင်း၊ မြန်မာကုမ္ပဏီများကို   Facebook တွင် ကြော်ငြာထည့်ခြင်းကို  ချက်ချင်းပိတ်လိုက်လျှင် Facebook  က ၎င်း၏ဝင်ငွေ စထိတာနှင့် အစိုးရကို ဆက်သွယ်လာမည်ဖြစ်ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက Social Punishment လုပ်သည့် ကုမ္ပဏီတချို့လည်း ခြိမ်းခြောက်စာ ပို့ခံရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာများကို တိုင်ကြားနိုင် သည်ဟု ပြောကြားပြီး ဖြစ်ကြောင်း၊ ထူးဆန်းခြင်းတစ်ခုက တိုင်ကြားခြင်းမျိုး သိပ်မတွေ့ရ ကြောင်း၊ သို့သော် အပြင်တွင် ပြောဆိုခြင်း ရှိကြောင်း၊ ၎င်းတို့ မည်သို့လုပ်ခံရကြောင်း၊ တချို့ကျိတ်ပြီး လုပ်ဆောင်သည့်  လူများလည်း ရှိကြောင်း၊  ယင်းသို့လုပ်ခြင်းမျိုး ရှိလျှင် မိမိတို့အနေဖြင့် အရေးယူပေးနိုင်ရန် အသင့်ရှိကြောင်း၊ တစ်ခုတိုက်တွန်းလိုသည်မှာ လက်တွေ့တွင်လည်း မြင်ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊  ဖေဖော်ဝါရီလလယ်ခန့်မှစပြီး ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း၊ ယခုအချိန် ထိရှိနေကြောင်း၊ လေလှိုင်းပေါ်တွင် ခြိမ်း ခြောက်တိုင်း ရပ်နေမည်လားဟုပြောလို ကြောင်း၊ စီးပွားရေး လုပ်ငန်းဖြစ်စေ၊ ဘဝပဲ ဖြစ်စေ သိပ်ပြီးရပ်နေရန် အချိန်မရှိဘူးဟု မိမိမြင်ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံရေး အရဖြစ်ခြင်းကြောင့် ကျန်သည့်နိုင်ငံများက ကုမ္ပဏီများသည်လည်း ခြိမ်းခြောက်မှုနှင့် ကင်းသည်လား၊ စွပ်စွဲမှုနှင့် ကင်းသည်လား ဆိုလျှင် မကင်းနိုင်ဘူးဟု မြင်ကြောင်း၊ တချို့ အရာများကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် လုပ်ပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း ရပ်နေမည်လား၊ သွားနေမည်လားဟု  ဆုံးဖြတ်ရမည်ဖြစ် ကြောင်း၊ အကုန်လုံးကို အစိုးရကတာဝန် ယူပေးရမည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ အစိုးရအနေဖြင့် တတ်နိုင်သမျှ တာဝန်ယူမှု ရှိရှိဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Facebook နှင့်ပတ်သက်ပြီး အကြံပြုခြင်း သည် ကောင်းမွန်ကြောင်း၊ ယင်းနှင့်ပတ် သက်ပြီး ဆက်လက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။  

Bloomberg Myanmar သတင်းဌာန မှ သတင်းထောက် ဒေါ်ပိုးသင်္ဂီကျော်က လက်ရှိသွင်းကုန် ပါမစ်များကို နိုင်ငံခြား သုံးငွေ ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက် ရမှသာ ဆောင်ရွက်ပေးနေသည်ဟုသိရပါကြောင်း၊ သွင်းကုန်လိုင်စင် ထုတ်ပေးသည်နှင့် နိုင်ငံခြားငွေ ရောင်းချပေးသည်ဟု သိရပါကြောင်း၊ တစ်ဒေါ်လာကို ၁၈၅၀ ကျပ် သတ်မှတ်လိုက်သည့် ဧပြီလမှစ၍ လက်ရှိ ချိန်ထိ သွင်းကုန်ကဏ္ဍအတွက် အမေရိကန် ဒေါ်လာမည်မျှ ရောင်းချပေးခဲ့သည်၊ စက်သုံး ဆီ၊ စားအုန်းဆီ ကဏ္ဍတစ်ခုချင်းစီတွင် မည်သည့်ဈေးဖြင့် ရောင်းချပေးခဲ့သည်ကို သိလိုပါကြောင်း၊ ဆက်လက်၍ ဒေါ်လာ  ဈေးသည်   ဗဟိုဘဏ်က သတ်မှတ်ဈေး နှင့် ပြင်ပပေါက်ဈေး အလွန်ကွာဟနေပါကြောင်း၊ ထိုသို့ကွာဟနေမှုကြောင့် ရောင်းဝယ်မှု၊ ကုန်သွယ်မှု ပြုလုပ်သည့်အခါတွင် အလွန်ခက်ခဲနေကြောင်း၊ အရှုံးပေါ်နေသည်ဟုလည်း သိရပါကြောင်း၊ ယင်းတို့ကို မည်သို့ထိန်းညှိပေးရန်အစီအစဉ်ကို သိလို ပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက စားသုံးဆီ၊ စက်သုံးဆီနှင့်ပတ်သက်ပြီး ရောင်းချပေးခဲ့ သည်များရှိကြောင်း၊ ယခုထိရောင်းချပေးမှု ပေါင်း အကြမ်းဖျင်း အနေဖြင့် ဒေါ်လာ ၂၀၈၀ သိန်းခန့် ရောင်းချပြီးဖြစ်ကြောင်း၊ စက်သုံးဆီအနေဖြင့် ဒေါ်လာ ၁၂၅၀၀ သိန်းကျော်  ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ ဒေါ်လာဈေး/ရွှေဈေးတည်ငြိမ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှုကြီးကြပ်ရေး ကော်မတီက ဦးစီးဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့ပေါက်ဈေးဖြင့် ချိန်နေသည် များရှိကြောင်း၊  တချို့ရွှေဈေးများသည် အပြင်တွင်  အခြေအနေ တစ်ရပ်ကြောင့် ကမ္ဘာ့ရွှေဈေး ကျနေသော်လည်း မြန်မာ့ရွှေဈေး မြင့်တက်နေသည့်အနေအထား မျိုးရှိကြောင်း၊ ပြန်လည်တည်ငြိမ်အောင်  လုပ်ဆောင်သွားနိုင်မည့် အခြေအနေများလည်း ရှိကြောင်း၊ စီးပွားရေး အရှိန်အဟုန် မြှင့်တင်ရေးအတွက် နိုင်ငံတော်က ချေးငွေ ပေးမည့်ကိစ္စများ ရှိကြောင်း၊ ထိုချေးငွေပေး မည့် ကိစ္စများဖြင့် စတင်ဆောင်ရွက်နိုင်မည် ဆိုပါက   အခြေအနေတစ်ခုထိ တည်ငြိမ်သွားနိုင်မည်ဟု မိမိတို့မျှော်လင့် ပါကြောင်း ပြန်လည်ဖြေကြားသည်။

People Media Agencyမှ သတင်း ထောက်ချုပ် ဦးကျော်စိုးဦးက စစ်ကိုင်း  တိုင်းဒေသကြီးတွင် ရှိသည့် ရှမ်းနီများ၊ ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်းနီ များသည်  ၎င်းတို့ဒေသလုံခြုံရေးအတွက် ပြည်သူ့စစ် ဖွဲ့လိုကြကြောင်း၊ ၎င်းတို့ ပြည်သူ့ စစ်ဖွဲ့မည်ကို နိုင်ငံတော်အနေဖြင့် မည်သည့် သဘောထားရှိသည်ကို  တိုင်းရင်းသား ခေါင်းဆောင်တချို့  သိလိုကြကြောင်း၊ လက်ရှိ ဇူလိုင်လအတွင်းတွင်  နိုင်ငံသား စိစစ်ရေးကတ်ပြား အတုဖြင့် Passport လျှောက်ရန် အကျိုးဆောင်ပေးသည့် အမျိုးသမီး တစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ၎င်းအမျိုးသမီးနှင့် သက်ဆိုင်သည့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်နေပါကြောင်း၊ ယင်းသတင်းနှင့် ပတ်သက်ပြီး မှန်/မမှန်သိလိုကြောင်း၊ မှန်သည်ဆိုပါက နိုင်ငံတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်သူ့စစ်ကို  ဒေသများ၊ တိုင်းရင်းသားများက လိုအပ်ပါက တိုင်းစစ်ဌာနချုပ်များဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိပါကြောင်း၊ ပြန်လည်စိစစ်ခြင်း၊ လိုအပ်သည့် ကူညီထောက်ပံ့မှုပေးခြင်း၊ သင်တန်းပေးခြင်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းဒေသနှင့် သက်ဆိုင်သည်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့်   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က သက်ဆိုင်မည် ထင်ပါကြောင်း၊ ဒေသခံ တပ်ရင်းများမှ တစ်ဆင့် ဆက်သွယ်၍  ဆောင်ရွက်နိုင်သည်ဟု ပြောလိုပါကြောင်း၊ Passport ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေး နေခြင်းများရှိကြောင်း၊  ခေါ်ယူစစ်ဆေးနေသည့် ပွဲစားများ၊ တချို့ဝန်ထမ်းများရှိကြောင်း၊ စစ်ဆေးမှု မပြီးသေးသည့် ကာလအတွင်း တစ်စုံတစ်ရာ   ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း၊  Passport ကိစ္စတွင် မသမာမှုရှိခြင်းနှင့်  Passport  လုပ်ရာတွင်     နှောင့်နှေးကြန့်ကြာမှု ရှိခြင်းတို့ကို မူတည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

97 Mediaမှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က နိုင်ငံပေါင်း ၄၇ နိုင်ငံက  ကမ္ဘာလှည့်ခရီးသည်များသည် နိုင်ငံတကာ လေကြောင်းလိုင်း  ၁၁  ခုမှ ဝင်ရောက်လာလျက် ရှိကြောင်းကို  သိရှိရပါကြောင်း၊ မကြာမီ ကာလတွင်ရောက်ရှိမည့် ပွင့်လင်းကာလ ခရီးသွားရာသီတွင် လာရောက်ကြမည့် ကမ္ဘာလှည့် ခရီးသည်များအတွက် မည်သို့ပြင်ဆင်ဆောင်ရွက် ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လေကြောင်း ကဏ္ဍအနေဖြင့် လေကြောင်းခရီး သွားလာမှု ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုံခြုံရေး အဆင်ပြေချောမွေ့ရေး အတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်က ချမှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်လျက် ရှိကြောင်း၊ လေကြောင်းကဏ္ဍအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံနှင့် ဆွေးနွေးခဲ့ရာတွင် ခရီးသွားလာရေး မြှင့်တင်ရေး အစီအစဉ်များ ပါကြောင်း၊ တိုက်ရိုက်လေကြောင်း လိုင်းများ ပျံသန်းရန်အတွက်   ဆွေးနွေးခဲ့မှုများ ရှိကြောင်း၊   ထို့ပြင်   အခြားနိုင်ငံများနှင့်လည်း    ဆွေးနွေးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်ပြီး တချို့နိုင်ငံများတွင် စဖြစ်နေသည့် အနေအထားရှိကြောင်း၊   ယင်းတို့ကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီကာလ ပြည်ပခရီးသည်များ ပြင်ဆင်ဆောင်ရွက်မှု အတွက်    ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  အခြားချိတ်ဆက်ရမည့် နေရာများဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အခက်အခဲတချို့ရှိကြောင်း၊ ယင်းမှာနှောင့်ယှက်မှု ဖြစ်ကြောင်း၊  လုပ်ကြံမီဒီယာတချို့နှင့် တချို့သောမြန်မာ့အကျိုး မလိုလားသည့်သူများက ခရီးသွားလာရန် အန္တရာယ်အများဆုံး နိုင်ငံများထဲတွင် ပါဝင်နေသည်ဟု မည်သည့်အထောက်အထားမျှ မရှိဘဲ ၎င်းတို့လုပ်ကြံကြောင်း၊  သို့သော် သတင်းထောက်ကြီးတို့မြင်သည့်အတိုင်း တချို့သော ကမ္ဘာလှည့်ခရီးသွားများ ရောက်ရှိနေပြီဖြစ်ကြောင်း၊   ယင်းအနှောင့်အယှက်မျိုးကို တွေ့နိုင်ကြောင်း၊ မိမိတို့ကျော်လွှားနိုင်ရန် အတွက်  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

နေပြည်တော်တိုင်း အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ်  ဦးမင်းမောင်က  ှုဃဲ နှင့်ပတ်သက်ပြီး နိုင်ငံတကာခုံရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ်များ၏ တင်ပြလျှောက်လဲချက်ကို ပယ်ချခံရသည်ဟု ကြားသိရပါကြောင်း၊ ထိုကိစ္စသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် မည်သည့်ဆိုးကျိုးများ ကျရောက်နိုင်သည်၊ ဆိုးကျိုးများမကျရောက်အောင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် မည်ကဲ့သို့စီမံ ဆောင်ရွက်မှုများ ရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုးကျိုးက ပိုက်ဆံကုန်ပါကြောင်း၊ နိုင်ငံတကာ တရားရုံးများတွင် ပြည်တွင်း ဥပဒေကဲ့သို့ ပုဒ်မမရှိပါကြောင်း၊ တိကျသည့် ပြဋ္ဌာန်းချက်များ မရှိပါကြောင်း၊ ယင်းတို့အခြေပြုရသည်မှာ ယခင်စီရင်ထုံးများကို အခြေပြုကြောင်း၊ ပညာရှင်များ၏     အဆိုအမိန့်များကို အခြေပြုကြောင်း၊ ဥပဒေပညာရှင်များ၏ စာအုပ်များကို အခြေပြုရခြင်း ဖြစ်ကြောင်း၊ အဘယ်ကြောင့် မည်သို့အရေးယူသည်ဟု မရှိပါကြောင်း၊  နောက်ပိုင်းတွင် ချဲ့ထွင်မှု ရှိကောင်းရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်  ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်း တရားစွဲခြင်းဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံက တရားစွဲရာတွင် မိမိတို့အနေဖြင့် အချက်(၄)ချက်ဖြင့် တရားစွဲခွင့် မရှိဟုပြောခဲ့ပါကြောင်း၊ အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံသည် အလှမ်းဝေးသည့် နိုင်ငံဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာသည် ဂမ်ဘီယာနိုင်ငံအပေါ် မည်သို့မျှ အကျိုး မသက်ရောက်ပါကြောင်း၊ ဂမ်ဘီယာနိုင်ငံ အနေဖြင့် နစ်နာသွားခြင်း မရှိခြင်းကြောင့် တရားစွဲဆိုပိုင်ခွင့် မရှိဟုပြောခဲ့ပါကြောင်း၊ ယင်းတို့က ရှိသည်ဟု လုပ်ပါကြောင်း၊ ထို့ကြောင့် ယင်းက စီရင်ထုံး တစ်ခုဖြစ်သွားပြီဟု ဆိုလျှင်၊ စီရင်ထုံးသည် တစ်ကမ္ဘာလုံးအပေါ်   သက်ရောက်ပါကြောင်း၊ ဥပမာ မိမိပြောလိုကြောင်း၊ အမေရိကန်ကို ယခင်က တရားစွဲ၍ မရဟုပြောကြကြောင်း၊ အမေရိကန်က အီရတ်ကို တိုက်ခိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး     မြန်မာနိုင်ငံက တရားစွဲမည်ဆိုပါက မဖြစ်နိုင်ဘူးလား၊ ထိုအရာသည် စီရင်ထုံးဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် နားလည်လွယ်အောင် ပြောခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုသည် တရားရင်ဆိုင်ရမည်၊ ပိုက်ဆံကုန်မည်၊ မလိုလားအပ်သည့်  ဂုဏ်သိက္ခာပိုင်း၊ ရပ်တည်မှုပိုင်းဆိုင်ရာများ ထိခိုက်လာနိုင်ကြောင်း၊ ယခုအစိုးရ လက်ထက်သာမက အစိုးရအဆက်ဆက် ဆက်လုပ်သွားရမည် ဖြစ်ကြောင်း၊ အကျိုးဆက်များ   မည်သည်က စသည်ဆိုလျှင် မှားယွင်းပြီး အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မှားယွင်းစွာဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို နိုင်ငံတကာ အရေးပုံစံဖြစ်အောင် ချဲ့ထွင်ပေးလိုက်ခြင်းက စသည်ဟု မိမိမြင်ပါကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးကို မိမိတို့မျှော်လင့်သည်က ဥပမာဆိုရလျှင် ကုလသမဂ္ဂတွင် ပင်မအဖွဲ့အစည်း ၆ ခုရှိပါကြောင်း၊  ICJ သည် တရားစီရင်ရေးအဖွဲ့၊ ICJ အပါအဝင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာက    ရိုသေလေးစားရသည့် အဖွဲ့ဖြစ်ကြောင်း၊ ကျန်သည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အထွေထွေညီလာခံတွင် မြန်မာ ကိုယ်စားလှယ် တက်ခွင့်မရပါကြောင်း၊  ကျန်သည့် အဖွဲ့အစည်းများသည် အသိအမှတ်ပြု သလိုလို၊ မပြုသလိုလို အဖွဲ့အစည်းများလည်း ရှိပါကြောင်း၊ တရားစွဲမည့်ကိစ္စကို အကုန်လုံးက အသိအမှတ်ပြုပါကြောင်း၊ သို့သော်   မြန်မာနိုင်ငံအစိုးရ အနေဖြင့် တာဝန်ယူမှု၊   တာဝန်ခံမှုရှိရှိဖြင့် လုပ်ပါကြောင်း၊ ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ တရားဝင် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဥပဒေကို အဓိက မဏ္ဍိုင်အဖြစ် ကျင့်သုံးနေသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ ဥပဒေကို  အဓိကမဏ္ဍိုင်အဖြစ် ကျင့်သုံးနေသည့် အဖွဲ့အစည်းကြီးသည် နောင်တွင်လည်း  နိုင်ငံတကာ ဥပဒေရေးရာပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ ဥပဒေရေးရာစီရင်ထုံးများ၊   နိုင်ငံတကာ ဥပဒေသက်သေ သာဓကများနှင့်အညီ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊   မိမိတို့အနေဖြင့် လိုအပ်သည့် ကိစ္စများကို အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်တိုင်း အွန်လိုင်းသတင်းအေဂျင်စီမှ   လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် အခြေခံလူတန်းစား ခရီးသွားမိဘပြည်သူများ၏ ခရီးသွားလာမှုများနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် သာစည်-ရွှေညောင်-ရပ်စောက်တောင်ပေါ် မီးရထားခရီးစဉ်နှင့် မြင်းခြံ-သာစည် မြေပြန့်ဒေသ မီးရထားခရီးစဉ်များကို ယခင်ကဲ့သို့ မီးရထားအစီးရေဖြင့် ပုံမှန်ပြေးဆွဲနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုပါကြောင်း၊ ယခင်က ကားရထား၊ RBE ရထားများကိုသာ အားကိုးအားထားပြုပြီး ကူးသန်း ရောင်းဝယ်နေကြသော   ခရီးသွား မိဘပြည်သူများအတွက် အဆိုပါရထားများ ပြေးဆွဲမှု ရပ်ဆိုင်းထားသောကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ၎င်းအခက်အခဲများ အဆင်ပြေစေရန် ယခင်ကဲ့သို့ ပြန်လည်ပြေးဆွဲ ပေးနိုင်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စများဖြစ်ပေါ်လာသည့် အကြောင်းမှာ လုံခြုံရေး ကိစ္စကြောင့်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မီးရထားတစ်စီးအား လုံခြုံရေး မပါရှိဘဲ ပြေးဆွဲ၍မရကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာပင် မိုင်းထောင်ခြင်း၊ ကွန်ကရစ်တုံးများ ကန့်လန့်ခံခြင်း၊ သစ်ပင်ကြီးများ ကန့်လန့်ချထားခြင်း၊ တံတား အဆက်များနှင့် မူလီဖြုတ်ခြင်းများကို အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ကြပြီး အစိုးရအနေဖြင့် ပြန်လည်ပြင်ဆင် ဖယ်ရှားမှုများ များစွာပြုလုပ်ခဲ့ရကြောင်း၊ ရန်ကုန်မြို့ပတ် ရထားပေါ်တွင်လည်း ရထားလုံခြုံရေး ရဲများကို အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြကြောင်း၊ RBE ရထားပြေးဆွဲမှုတွင်  ရထားလမ်းပိုင်း အနေဖြင့် စိတ်ချရသော်လည်း၊   ရထားပေါ်တွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ယခင်ထက်ပို၍ ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအပိုင်းကို     ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်လည်း မိမိတို့နိုင်ငံတွင် ပြည်သူ့ပို့ဆောင်ရေး စနစ် ပိုမိုထွန်းကား လာစေရန် အမြဲတစေ ဂရုတစိုက်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် ချင့်ချိန်နေသည်မှာ လုံခြုံရေး အပိုင်းသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မေးခွန်းမေးခြင်း မပြုမီ နိုင်ငံတော်အတွင်း အမှုအခင်း ကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် အောက်ခြေမှ ဆုံးဖြတ်ချက်တချို့သည်     တရားမျှတမှုမရှိဟု ယုံကြည်ရသည့်အတွက်     နိုင်ငံတော် အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတ အထိတင်ပြ၍   အကူအညီတောင်းခံ တိုင်ကြားခြင်းများ ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ တိုင်ကြားမှုများ ရရှိပါက နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတက အဆိုပါဖြစ်စဉ်များသည် အဂတိ လိုက်စားမှု ရှိ/မရှိ၊ ဥပဒေစိုးမိုးမှုကို ထိခိုက်မှုရှိ/မရှိ စုံစမ်းစစ်ဆေးခိုင်းပြီး အမှုကိစ္စရပ်များ အတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ သို့သော်လည်း တချို့သော အငြင်းပွားမှု ကိစ္စရပ်များတွင် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးက     ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သော်လည်း အောက်ခြေဌာန အဖွဲ့အစည်းတချို့သည်   လိုက်ပါ လုပ်ဆောင်ခြင်းမပြုဘဲ ၎င်းတို့ ဆုံးဖြတ်ချက်ဖြင့် သီးခြားအမိန့်များ ထုတ်ပြန်၍ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ပြည်သူများသည် နိုင်ငံတော် အကြီးအကဲ သို့မဟုတ် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သည့်  ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်ကို လက်ခံရမည်လား    သို့မဟုတ် အောက်ခြေဌာန အဖွဲ့အစည်းတချို့က ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်ကို လက်ခံရမည်လား မဝေခွဲနိုင်၊ မသိနိုင်ဖြစ်နေကြောင်း၊    အထက်ပါကဲ့သို့ အမိန့်ညွှန်ကြားချက်များကြောင့်   တချို့သော ပြဿနာရပ်များတွင် ပြည်သူအချင်းချင်း မကျေမနပ်ဖြစ်လာပြီး  ဥပဒေစိုးမိုးမှုကို ထိခိုက်နိုင်သည့်   ဖြေရှင်းမှုများအထိ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံတော် အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးက မည်သည့် အမှုကိစ္စရပ်အတွက် မည်သို့လုပ်ရန်ဟု ဆိုသည့် ဥပဒေကဲ့သို့  အာဏာတည်သော   အမိန့်ညွှန်ကြားချက် ထုတ်ပြန်ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ၊  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်   သက်ဆိုင်ရာဌာနများ၊ ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်/ ကျေးရွာများတွင် ဖွဲ့စည်းပေးထားသည့် ကော်မတီ/ကော်မရှင်များ အနေဖြင့် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များကို ကျော်လွန်ပြီး  မိမိသဘောဖြင့် သီးခြားအမိန့် ထုတ်ပြန်လုပ်ဆောင်ခြင်းများ၊   ဆုံးဖြတ်ခြင်းများ လုပ်ဆောင်၍ ရ/မရနှင့်  ထိုဆုံးဖြတ်ချက်များသည် တရားဝင်ဖြစ်/မဖြစ် ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး၏ မေးခွန်းတွင်  မှားယွင်းနေသည့် အပိုင်းရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရုံးမှ     မည်သည့်အမှုတွင် မည်သို့လုပ်ရန်ဆိုသည့် အချက်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းမျိုး တစ်ကြိမ်မျှ မရှိကြောင်း၊ မိမိတို့သည် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းမျိုးသာ ရှိကြောင်း၊ မိမိတို့ အစိုးရသည် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ  ဥပဒေအတိုင်းသာ သွားကြောင်း၊ လိုက်နာကြောင်း၊ ဥပဒေကိုကျော်လွန်ပြီး မည်သည့်အမှုကို မည်သို့လုပ်ရန် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်သည့် ထုံးစံမရှိကြောင်း၊ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမျိုးလည်း မရှိကြောင်း၊  အစိုးရဌာန ဆိုင်ရာတိုင်းတွင်   သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များရှိပြီး ဖြစ်ကြောင်း၊ ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်း မရှိပါက အဆင့်ဆင့် တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံသားတစ်ဦး နစ်နာမှုရှိပါက နိုင်ငံသားများ၏  အခြေခံရပိုင်ခွင့်နှင့် တာဝန်များ အခန်းတွင် အခြေခံဥပဒေကို ဖော်ပြထားကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိနစ်နာမှုအား တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ကြောင်း၊ စာချွန်တော်များ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လယ်/စီဗဟိုဥက္ကဋ္ဌကိုယ်စား   ဗိုလ်ချုပ် အောင်စိုးမှ တာချီလိတ်မြို့နယ်တွင်ဖြစ်ပျက်ပွားခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသော ကိစ္စကို လယ်/စီဗဟိုသို့ တင်ပြခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းမှုမရှိသည်ကို မိမိထံသို့ ပြောကြားလာခြင်း ရှိကြောင်းနှင့်   အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ရှိအခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၁၇ ခုနှစ်က ကိစ္စဖြစ်သော်လည်း   လက်ခံပေး၍ ရကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဆက်သွယ်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေနှင့် ညီ/မညီကို  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက နိုင်ငံလုံခြုံရေးကို အလုံးစုံ တာဝန်ယူထားသည့် တပ်မတော် အာဏာယူထားချိန်တွင် ပြည်သူလူထု၏ အသက်များသည် တန်ဖိုးမဲ့သတ်ဖြတ်ခြင်းကို ခံနေရကြောင်း၊ လုံခြုံရေး အစီအမံများ ရှိပါက အသေးစိတ် သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  လုံခြုံရေး အစီအမံကို အသေးစိတ် ပြောပြခြင်းမျိုး ထုံးစံမရှိကြောင်း၊ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူ့စစ် ဖွဲ့စည်းခြင်းများနှင့် ပတ်သက်၍လည်း ပြောကြားပြီးဖြစ်ကြောင်း၊ နေရာအချို့၌ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်နေသည်ကိုလည်း မိမိတို့သိရှိပါကြောင်း၊ မိမိတို့လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်ခဲယမ်း ဖော်ထုတ်ဖမ်းဆီးရမှုများ နေ့စဉ်ရှိနေကြောင်း၊ ယခုနောက်ပိုင်းတွင် အကြမ်းဖက် လှုပ်ရှားမှုဖြစ်စဉ်များ ပို၍များလာကြောင်း၊    လက်နက်/ခဲယမ်း ဖမ်းဆီးရမှုများလည်း ပို၍ များလာကြောင်း၊ ဆန့်ကျင်ဘက် လှုပ်ရှားနေသူများသည်လည်း ယခုအချိန်တွင် လက်နက်ခဲယမ်းများ ပိုမိုတင်သွင်း လာသည်ကို တွေ့ရကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက  နိုင်ငံတော်အဆင့် လူကြီးများက လက်ရှိအခြေအနေသည် အာဏာသိမ်းခြင်းမျိုး မဟုတ်ဘဲ လိုအပ်၍ ခေတ္တအာဏာ ထိန်းထားခြင်းသာဖြစ်ပြီး ဆောင်ရွက်မှုများကို တည်ဆဲဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သို့သော်လည်း  အောက်ခြေရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဆင့်များတွင် စစ်အုပ်ချုပ်ရေး ဟူ၍ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ အာဏာပြ ဆောင်ရွက်မှုများစွာ တွေ့ရကြောင်း၊ ယင်းဖြစ်စဉ်များကို မည်ကဲ့သို့ ထိန်းချုပ်ဆောင်ရွက်မည်ကို သိလိုပါကြောင်း၊ အသေးစိတ်ဖြစ်စဉ်များကို   သိလိုပါက အထောက်အထားပြည့်စုံစွာ တင်ပြပေးမည် ဖြစ်ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အထောက်အထားများကိုသာ ပြည့်စုံစွာပေးခဲ့စေလိုကြောင်း၊ စစ်ဆေးပြီးမှသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း    ပြန်လည်ဖြေကြားသည်။

နေပြည်တော်ဟစ်တိုင် သတင်းဌာနမှ CEO ဦးသက်နိုင်ထွန်းက တိုင်းရင်းသား အခြေခံကျေးလက် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပြီး မိမိတို့နိုင်ငံတွင် တိုင်းရင်းသား  ၁၃၅  မျိုးနေထိုင်ကြပြီး မိမိတို့ သတင်းဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများကို သိရှိစေရန် ကျေးလက် ဒေသများသို့ နယ်လှည့်ကွင်းဆင်း၍ သတင်းစုံစမ်းစိစစ်ရာ ယနေ့ခေတ် အခြေအနေအချိန်

အခါအရ  ဒေါ်လာ၊ ထိုင်းဘတ်တန်ဖိုးများ တက်နေသည်ကို အယောင်ပြ၍ အခြေခံလူတန်းစား အများစု နေထိုင်ကြသည့် တိုင်းရင်းသား ကျေးလက်ဒေသများတွင် ပြည်တွင်း ထွက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသ ကျန်းမာရေး ဌာနများကို လက်လုပ်လက်စား ပြည်သူများအနေဖြင့်  အားကိုးအားထား ပြုလျက်ရှိကြောင်း၊ ကျေးလက် တောသူတောင်သား လက်လုပ်လက်စား  အခြေခံလူတန်းစားများသည် ယခုကဲ့သို့ ဆေးဝါး အခက်အခဲများ ကြုံနေရသည့် အချိန်များတွင် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့်အတိုင်း အစာအာဟာရ ပြည့်စုံစေရန် ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် အစာအာဟာရ ပြည့်ဝစွာ စားသောက်နိုင်မည်ဟု မထင်မိပါကြောင်း၊ ကျေးလက်ဒေသများတွင် ဆေးဝါးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် များစွာ ပံ့ပိုးပေးလျက်ရှိကြောင်း၊ပရဟိတ အဖွဲ့များကလည်း များစွာကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊   ကျေးလက်ဒေသများတွင် ပါရာစီတမောတစ်လုံး  ၁၅၀  ကျပ်ပေးရသည်များလည်း ရှိကြောင်း၊   ထို့ကြောင့် ယင်းဒေသများ၏ ကုန်ဈေးနှုန်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးနှင့်   ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ဆေးဝါးများ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားရှိကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံ စားကုန်များအဖြစ် မိမိတို့သတ်မှတ်ထားသည့် ဆန်၊ ဆီ၊ ဆား အစရှိသည့် စားသောက်ကုန် ၁၄ မျိုး၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် ထိန်းညှိဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ပြည်ပမှ တင်သွင်းသည့် ဆီဈေးနှုန်းမှာမူ ၎င်း၏ပေါက်ဈေး အတိုင်းသာဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းကိုမူ  ထိန်းညှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆန်ဆိုလျှင် ပြည်ပတင်ပို့မှုများ ရှိသကဲ့သို့ ပြည်တွင်း၌ အရန်ထားရှိရသည်များလည်း ရှိကြောင်း၊ ထိုကုန်ပစ္စည်းများ၏ ဈေးနှုန်းကို ထိန်းညှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်လျှင် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်ကျန်းမာရေး ဦးစီးဌာနကဲ့သို့သော ဌာနများဖြင့် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ တပ်မတော်အနေဖြင့်လည်း နယ်လှည့်ဆေးကုသပေးမှုကဲ့သို့ သော ဆောင်ရွက်ချက်များ ဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တချို့သော ဆေးဝါးများနှင့် ပတ်သက်၍ ကောလာဟလများ ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း တွေ့ရကြောင်း၊  မိမိတို့မြန်မာနိုင်ငံတွင် အခြေခံကျသည့် ဆေးဝါးများကို ထုတ်လုပ်နိုင်သည့် စက်ရုံများရှိပြီး အဆိုပါစက်ရုံများမှလည်း ဆေးဝါးများ ထုတ်လုပ်လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံ အတွင်းမှ ထုတ်လုပ်သည့် ဆေးဝါးများကို ယခင် BPI ဆေးဝါးများ၏ အရည်အသွေးကိုမီအောင် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အနည်းငယ် ကြီးမြင့်နိုင်ကြောင်း၊ပါရာစီတမောနှင့် ဘာမီတွန်ကဲ့သို့သော ဆေးဝါး များနှင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် ဆေးဝါးများရှိကြောင်း၊ တချို့သောဆေးဝါးများမှာ အရေအတွက်များများ ရနိုင်မည်ဖြစ်သော်လည်း အရည်အသွေးမှာပြည့်မီခြင်း မရှိကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍လည်း စိစစ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကျေးလက်ဒေသကျန်းမာရေး ကိစ္စများနှင့်ပတ်သက်၍  ကျန်းမာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးစေလိုကြောင်း ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးဟုဆိုသည့် ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေး အသိပညာမြှင့်တင်ပေးခြင်းနှင့်  ကျန်းမာရေးနှင့် ပတ်သက်သည့် Health Service ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင် ကျေးလက်ဒေသဖြစ်ပါက ကျေးလက် ကျန်းမာရေးဌာန ခွဲများ၊ ကျေးလက်ကျန်းမာရေး ဌာနများနှင့် တိုက်နယ်ဆေးရုံများ စသည်ဖြင့် အဆင့်ဆင့်ကို Catchment ဧရိယာအလိုက် ဖွဲ့စည်းထားကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် အထူးသဖြင့် TB ၊ HIV နှင့် ငှက်ဖျား စသည့်ရောဂါများနှင့် ပတ်သက်သည့် ဆေးဝါးများကိုလည်း လာရောက်ပြသသည့် လူနာများကို အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်း၊ ထို့ပြင်  သွေးတိုး၊  နှလုံး၊ ဆီးချိုနှင့် ပတ်သက်လျှင်လည်း NCD Clinic များဖွင့်လှစ်၍ လာရောက်ပြသသည့် လူနာများကို ရောဂါနှင့် ပတ်သက်၍ စစ်ဆေးပေးသည့် အပြင် ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးလျက် ရှိကြောင်း၊ ပြည်သူ့ဆေးရုံများတွင်လည်း ဆေးဝါးများကို တတ်နိုင်သမျှ အခမဲ့ ထုတ်ပေးလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလတွင်လည်း ဆေးဝါးအများအပြား ထောက်ပံ့ပေးခဲ့ကြောင်း၊ ယခုလတ်တလောတွင်   ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်း၊ ဆေးဝါးများ၏ ဈေးနှုန်းနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ   ဆေးဝါးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းရှိကြောင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ၎င်းတို့က တင်သွင်းခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယူရကြောင်း၊ မိမိအနေဖြင့် တင်ပြလိုသည်မှာ လုပ်ငန်းရှင်ကြီးများ အနေဖြင့် တစ်ဖက်မှ ပြည်သူလူထု၏ အကျိုးကိုရှေးရှု၍ အတ္တနှင့်ပရ မျှမျှတတ စဉ်းစား၍ ဆေးဝါးနှင့် ပတ်သက်၍ ကြိုတင်၍ ဈေးတက်ခြင်းမျိုး မဟုတ်ဘဲ မိမိဝယ်ယူထားသည့်   ဆေးဝါးများနှင့် ရောင်းချသည့်ဈေးနှုန်းကို ပြည်သူလူထုအား မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်အတွက် တိုက်တွန်း ပြောကြားလျက် ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။

နေပြည်တော်ဟစ်တိုင်အွန်လိုင်း သတင်းစုံမှ CEO ဦးသက်နိုင်ထွန်းက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ယခုပြန်လည်ဖြေကြားခဲ့သကဲ့သို့ စီစဉ်ဆောင်ရွက် ပေးမည်ဆိုပါက ပြည်သူလူထု အများစုဖြစ်သည့် အခြေခံ လူတန်းစားများ အနေဖြင့် အတော်အဆင်ပြေမည် ဖြစ်ကြောင်း၊  ယခုလက်ရှိတွင် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဂလူးကိုစ့်မှအစ ပြည်သူလူထုက ဝယ်ယူသုံးစွဲနေရကြောင်း၊ အထူးသဖြင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင် ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူများ သိရှိနိုင်ရန်အတွက် မိမိအနေဖြင့် ယခုသတင်းစာ ရှင်းလင်းပွဲမှ အသိပေး ပြောကြားလိုကြောင်း  ပြောကြားသည်။

ခေတ်ပုံရိပ်သတင်း ဂျာနယ်မှ သတင်းထောက်ဦးဝင်းနိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝန်ထမ်း၊ အမြဲတမ်း ဝန်ထမ်းများကို အိမ်ထောင်သည်များ ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်း၊ လူပျို၊ အပျိုများ ဖြစ်ပါက ၄ ရာခိုင်နှုန်းကို  အိမ်ငှားစရိတ်အဖြစ် ထောက်ပံ့ပေးသွားမည့် ကိစ္စကို အထူးအားရ ဝမ်းသာဖြစ်ကြရကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းများ မဟုတ်ဘဲ ပုဂ္ဂလိက ဝန်ထမ်းများဖြစ်ကြသည့် ကုမ္ပဏီဝန်ထမ်းများ၊ အထည်ချုပ်စက်ရုံ အလုပ်သမားများ၊ ပင်စင်စားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက တစ်နည်းတစ်ဖုံ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလတ်တလောတွင်   နိုင်ငံ့ဝန်ထမ်း အမြဲတမ်း ဝန်ထမ်းများအတွက် အိမ်ငှားစရိတ် ထောက်ပံ့ပေးခြင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်စရိတ် ၁၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ပေးမှုများ အဖြစ် ယခင်ကလည်း ဝတ်စုံစရိတ်များ ထောက်ပံ့ပေးခြင်းနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ အတွက် ပညာရှင်ဘွဲ့ချီးမြှင့်ငွေများ  အပါအဝင် ထောက်ပံ့ပေးမှု ၂၇ မျိုးကို မိမိတို့အစိုးရ လက်ထက်တွင် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ စက်ရုံအလုပ်သမားများနှင့် ကုမ္ပဏီ ဝန်ထမ်းများမှာ အလုပ်သမား ဝန်ကြီးဌာနနှင့်ပို၍ သက်ဆိုင်ကြောင်း၊ ယင်းကိစ္စတွင်လည်း အမြဲတမ်းချိန်ထိုး ရတာရှိကြောင်း၊ ထိုစက်ရုံ အလုပ်သမားများအတွက် အလုပ်ရှင်များနှင့် သီးခြားဆွေးနွေးပြီးမှသာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်မှာ ကဲ့သို့ရှိသည့် ဘတ်ဂျက်ဖြင့် ပေးနိုင်သည့် ပမာဏကို ချိန်ထိုး၍ မရကြောင်း၊ အလုပ်သမားများက  ပိုပြီးတောင်းဆိုမည်ဖြစ်သကဲ့သို့ အလုပ်ရှင်ဘက်ကလည်း ၎င်း၏အခက်အခဲများ ရှိနိုင်ကြောင်း၊ ထိုအခြေအနေများကို ချိန်ဆ၍ နှစ်စဉ်ပြောင်းလဲရသည့် ကိစ္စများရှိပါကြောင်း၊ နှစ်စဉ်ဆွေးနွေးရသည့် ကိစ္စများလည်း ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပြီးမှသာ သတင်းထောက်ကြီး မေးမြန်းသည့်ကိစ္စများကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းသူပြည်သား အားလုံး  အဆင်ပြေစေရန် အတွက်ကိုသာ လိုလားကြောင်း၊  ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ လုပ်ခလစာနှင့် ပတ်သက်လျှင် နိုင်ငံတော်၏ ရပ်တည်ချက်မှာ လုပ်ခလစာ တိုးမြှင့်ရေးဘက်တွင်သာ ရပ်တည်ကြောင်း၊ သို့သော် လုပ်ငန်းရှင်များ အနေနှင့်မှာမူ ၎င်း၏ စီးပွားရေး အတိုင်းအတာအပေါ်တွင်သာ မူတည်၍သာ ပေးနိုင်မှာဖြစ်ကြောင်း၊ ထိုကိစ္စများမှာ  နှစ်စဉ်ညှိနှိုင်း၍  ဆောင်ရွက်ရမည့် ကိစ္စများဖြစ်ကြောင်း၊ ယခု သတင်းထောက်ကြီး တင်ပြသည့်ကိစ္စမှာ လစာတိုးမြှင့်ပေးခြင်း မဟုတ်ကြောင်း၊ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း၊ လစာတိုးမြှင့်ပေးခြင်းဖြစ်ပါက ပင်စင်စားများအတွက် တစ်ပါတည်း ပါဝင်ပြီးဖြစ်ကြောင်း၊ လစာတိုးမြှင့်ပေးခြင်း မဟုတ်သည့်အတွက် ပင်စင်စားများအတွက် ပါဝင်ခြင်း မရှိသေးဘူးဟူ၍သာ ပြောနိုင်ကြောင်း၊ လစာတိုးမြှင့်ခြင်း ဖြစ်ပါက  ခံစားခွင့်များ၊ Gratuity နှင့်ပင်စင်များ တစ်ပါတည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ လစာတိုးမြှင့်ခြင်း မဟုတ်ကြောင်း၊ ထောက်ပံ့ကြေးနှင့်   အိမ်ငှားစရိတ်သာ တိုးမြှင့်ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် လစာတိုးမြှင့်ရန် အစီအစဉ်မရှိသေးကြောင်း  ပြန်လည်ဖြေကြားသည်။

 ဆက်လက်၍  Myanmar Public Press သတင်းဌာနမှ  အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသများတွင်  လမ်းအခက်အခဲရှိကြောင်း၊ ကိုယ်ထူကိုယ်ထ လမ်းများဖောက်နေခြင်း ရှိကြောင်း၊ ထိုလမ်းများကို သက်ဆိုင်ရာ ဌာနများသို့တင်ပြလျှင် ဘတ်ဂျက်ချပေးခြင်းရှိ/မရှိ သိလိုပါကြောင်း   မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းလမ်းများသည် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ အစီအစဉ်များ ဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး  လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်ရှိကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန အောက်တွင်ရှိသည်များ၊ စည်ပင်သာယာရေး ဌာနအောက်တွင်ရှိသည့်  ကျေးရွာ၊ ကျေးရွာမှမြို့နယ်၊ မြို့နယ်မှ အဆင့်ဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ဘတ်ဂျက်များ ရှိပြီးဖြစ်ကြောင်း၊ ခွင့်ပြုခြင်း၊ မပြုခြင်းသည် ဦးစားပေး အစီအစဉ်ဖြင့် တကယ် အသုံးပြုနေသည့်အပေါ် မူတည်သည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

Myanmar Public Press သတင်းဌာနမှ အယ်ဒီတာကိုခန့်က  ပခုက္ကူ-မြိုင်ကားလမ်းသည် မိုင်အားဖြင့် ၂၇ မိုင်ကွာဝေးသော်လည်း PDFများစိုးမိုးထားသည့် နယ်မြေဖြစ်နေကြောင်း၊ မြိုင်မြို့နယ်အတွင်းရှိကျေးရွာများမှ အေးချမ်းစွာနေလိုသည့် ရဟန်းသံဃာများ၊ ပြည်သူလူထုများကို PDF များက ဒလန်ဟုစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်နေကြကြောင်း၊ သက်ဆိုင်ရာအနေဖြင့် မြိုင် မြို့နယ်မှ အကြမ်းဖက်များကို အမြစ်ဖြတ် ချေမှုန်းရန် ပြည်သူများက လိုလားလျက်ရှိကြောင်း၊ မြိုင်မြို့နယ် အတွင်းရှိအကြမ်းဖက်များ ရပ်တည်နိုင်ရန် အဓိက ထောက်ပံ့နေသည့်အရာမှာ ဒေသတွင်းရှိ ရေနံမြေများ ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ထိုရေနံမြေများကို ပိတ်သိမ်းပြီး အကြမ်းဖက်သမားများ၏ ပင်မရေသောက်မြစ်ကို သက်ဆိုင်ရာမှ အမြန်ထိန်းချုပ်ပေးစေလိုကြောင်း၊ မြိုင်မြို့နယ်မှ ပြည်သူများကလည်း လိုလားလျက်ရှိကြောင်း၊ သက်ဆိုင်ရာများ အနေဖြင့်  လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန်  အစီအစဉ်များ ရှိပါက သိရှိလိုကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသည့် ကလေးငယ်များကို ကျောင်းအပ်ရန် တိုက်တွန်းထားကြောင်း၊ မုံရွာမြို့နယ်တွင် ကျောင်းအပ်နှံ၍ မရသေးဟု သတင်းကြားသိရကြောင်း၊ ယင်းကိစ္စ ကိုလည်း သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုလည်း သတင်းပြောကြား သွားမည်ဖြစ်ကြောင်း၊ မြိုင်မြို့နယ် အတွင်းတွင် မည်သည့်အတွက်ကြောင့် ဖြစ်ရသလဲဆိုသည်ကို ယခင်သတင်းစာ ရှင်းလင်းပွဲတွင် မိမိရှင်းပြခဲ့ပြီဖြစ်ကြောင်း၊ ထိုနေရာများတွင်လည်း မြိုင်နှင့်အဓိက ဆက်စပ်နေသည့်  လက်ပံတို၊ ကျောက်ခွက် စသည့်နေရာများတွင် လက်ယက်တွင်း ရေနံများ ထွက်သည့်အတွက်ကြောင့် အကြမ်းဖက်သမားများ အထောက်အပံ့ရနေသည်ကို သိရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး လုံခြုံရေးအရ ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုကြောင်း   ပြန်လည်ဖြေကြားသည်။

နိုင်ငံ့သစ္စာအွန်လိုင်း သတင်းဌာနမှ သတင်းထောက်  ဦးအောင်ကျော်ဦးက ဧရာဝတီတိုင်း ဒေသကြီး၊  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ ယခင်ဒူးယား တိုက်နယ်ကို ၁၉၉၁ ခုနှစ်ကစပြီး တိုက်နယ်မြို့ပြောင်းရန် စီမံကိန်း လုပ်ခဲ့ကြောင်း၊ ထိုစီမံကိန်းထဲတွင် အိမ်ထောင်စုဝင် ၁၄၀ ၏ လယ်ယာမြေ ၇၂ ဒသမ ၅၅ ဧကနှင့် ခြံမြေ ၅၂ ဧကသိမ်းဆည်းခံခဲ့ရကြောင်း၊ ယနေ့အထိ နစ်နာကြေးမရခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူအိမ်ထောင်စု ၁၄၀ ကို သနားငဲ့ညှာသောအားဖြင့် မေတ္တာရှေ့ထားပြီး မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို  သိလိုကြောင်း၊ အခြားမေးခွန်းတစ်ခုမှာ နိုင်ငံတော်က ပေးပြီးသားကို အောက်ခြေဝန်ထမ်းများထံတွင် ကြန့်ကြာနေခြင်းရှိ /မရှိ ၊ နိုင်ငံတော် အစိုးရက နစ်နာခဲ့သည့် ပြည်သူများကို ပေးခြင်းရှိ /မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စများမှာ ပြန်စိစစ်ပြီး ဖြေရမည့်  မေးခွန်းဖြစ်သည့် အတွက် ထိုအမှုတွဲကိုသာ ပေးခဲ့ပါဟုပြောလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံ့သစ္စာသတင်းဌာနမှ သတင်းထောက် ဦးအောင်ကျော်ဦးက အပြစ်မဲ့ ပြည်သူများကို နေ့စဉ်နှင့်အမျှ PDF များက သတ်ဖြတ်နေခြင်းကို အခြားမီဒီယာများက တင်ပြဖူးကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် PDF များကို အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းကိုလည်း ဝမ်းသာမိကြောင်း၊ ကိုယ့်ညီလေး၊ ညီမလေးများကို ဒုက္ခမရောက်စေချင်သည့်စေတနာဖြစ်ကြောင်း၊တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းက   ယခင်ကထက်ပို၍ သတ်ဖြတ်နေကြောင်း၊ ဥပမာ ကောလင်းမြို့နယ်၊ သရက်ခုံကျေးရွာတွင် ကျောင်းဆရာမောင်နှမ သတ်ခံရကြောင်း၊ ကျောင်းဆရာမ ဒေါ်ဥမ္မာဝင်းသည် နားရွက်နှစ်ဖက်၊ ရင်သားနှစ်ဖက် လှီးဖြတ်ခံရကြောင်း၊ ခြေထောက်များ ရိုက်ချိုးခံရကြောင်း၊  နောက်ဆုံး ရင်ဝကိုဓားနှင့် ထိုးပြီးအသတ်ခံရကြောင်း၊ ရက်စက်မှုများက ကမ်းကုန်သွားပြီဟုဆို၍ ရကြောင်း၊ ယခုနောက်ပိုင်း ထိုထက်ပိုဆိုး လာခြင်းသည်  အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို သတ်လျှင် မည်သို့မျှ မသက်ဆိုင်သည့်၊ အပြစ်မရှိသည့် သားမယားများကို အကုန်သတ်သည့် စနစ်ဖြစ်လာကြောင်း၊ Mizzima ၊ RFA၊ ဧရာဝတီသတင်းဌာန၊ ခေတ်သစ်သတင်းဌာန၊ ီဠီ သတင်းဌာနများမှ မည်သည့် PDF များက မည်သည့်အုပ်ကြီး၊ မည်သည့်ရာအိမ်မှူး၊ မည်သည့်ဒလန်ကို သတ်သည်ဟု သတင်းလွှင့်လျှင် မည်သို့မျှမဖြစ်သော်လည်း မိမိတို့ကဲ့သို့ အမျိုးသားရေး သတင်းထောက်များ   သတင်းမှန်တင်သည်နှင့်   ဒလန်စာရင်း တန်းဝင်သွားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲ တက်သည်နှင့် ဘောမသူဖြစ်စေ၊ ဘောမမသူဖြစ်စေ ဘောမအဖြစ် တန်း၍စာရင်းဝင်သွားကြောင်း၊ တပ်မတော် အာဏာထိန်းသည့် ကာလမှာ  ယနေ့အထိဆိုပါက တစ်နှစ်နှင့် လေးလကျော်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကာလ အတောအတွင်း PDF များက ဒလန်ဟုစွပ်စွဲပြီး သတ်ခဲ့သည့်   လူပေါင်းငါးထောင်ကျော် သွားပြီဟုဆို၍ ရကြောင်း၊ လက်ရှိတွင်လည်း သတ်နေဆဲဖြစ်ကြောင်း၊ နောင်လည်း သတ်နေဦးမည်ဟု ယူဆရကြောင်း၊ ဗိုလ်ချုပ်တို့အနေဖြင့် လက်နက်ကိုင် သတ်နေသည့် PDF များက အရပ်ဘက်ဝန်ထမ်းများ၊ မတူကွဲပြားသည့် ပါတီဝင်များ၊ အမျိုးသားရေး လှုပ်ရှားသူများ၊ အမျိုးသားနိုင်ငံရေး ပြည်တွင်း သတင်းထောက်များ၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာတော်များကို ယခုထက်ပိုပြီး အသတ်မခံရစေရန် မည်ကဲ့သို့ အပြည့်အဝ ကာကွယ်ပေးနိုင်မည်ဆိုသည်ကို  သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကဲ့သို့ သတ်ဖြတ်ရန် လှုံ့ဆော်သူများ ရှိနေကြောင်း၊ ဘုန်းကြီးများကို သတ်၍မရလျှင် ဘုန်းကြီးကျောင်းကို သွားသည့်လူများကို သတ်ဟုဆိုသည့် ပြောဆိုချက်များကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်ပြီး  လုံခြုံရေး အဖွဲ့အစည်းများနှင့်  ပြည်သူ့စစ်များ  ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုအဖွဲ့များနှင့် ဆက်သွယ်ရန် မိမိပြောလိုကြောင်း၊ အားလုံးပါဝင်မှ ကိုယ်တိုင်လည်း ပါဝင်မှရမည်ဟု ပြောလိုကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများကို အချိန်အတိုင်းအတာအရ ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။     ။

မြဝတီ