နိုင်ငံအတွင်း ပထမဆုံး တွေ့ရသော ဗက်တီးရီးယားပိုးနှင့် ပတ်သက်၍ အမေရိကန် CDC သတိပေးချက် ထုတ်ပြန်

နိုင်ငံအတွင်း ပထမဆုံး တွေ့ရသော ဗက်တီးရီးယားပိုးနှင့် ပတ်သက်၍ အမေရိကန် CDC သတိပေးချက် ထုတ်ပြန်

နိုင်ငံအတွင်း   ပထမဆုံးအနေဖြင့် တွေ့ရှိရသည့် ဗက်တီးရီးယားပိုး တစ်မျိုးသည် ပြင်းထန်စွာ  နာမကျန်းဖြစ်စေနိုင်သည့် အပြင် အသက်သေဆုံးသည် အထိပါဖြစ်နိုင်ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က သတိပေးထားသည်။

အဆိုပါဗက်တီးရီးယား ပိုးသည် Burkh -olderia pseudomallei အမျိုးအစား ဗက်တီးရီးယားပိုး၏ မျိုးကွဲဖြစ်ပြီး  အမေရိကန်နိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ရှိရခြင်းဖြစ်သည်။

ထိုဗက်တီးရီးယားပိုး ကူးစက်ခံရပါက ဝှစ်မောရောဂါဟုလည်း ခေါ်သော မယ်လီအို အီဒိုဆစ်ရောဂါဖြစ်ပွားမည်ဖြစ်သည်။ ယင်းရောဂါမှာ အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အနှံ့တွင် ပြည်တည်ခြင်းနှင့် သွေးတွင်းပိုးဝင်ခြင်းတို့ကို ဖြစ်စေတတ်သည့် ရောဂါဖြစ်သည်။

မစ္စစ္စပီပြည်နယ်ရှိ လူနှစ်ဦးတွင် မယ်လီအိုအီဒိုဆစ်ရောဂါ ဖြစ်ပွားသည်ကိုတွေ့ရပြီးနောက် အဆိုပါ ပင်လယ်ကွေ့ကမ်းရိုးတန်းဒေသမှ မြေလွှာများနှင့် ရေများကို စစ်ဆေးရာမှ ထိုဗက်တီးရီးယားပိုးကို တွေ့ရှိရခြင်း ဖြစ်ကြောင်း CDC ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗက်တီးရီးယားကူးစက်ခံရသူ ပထမတစ်ဦးကို ၂၀၂၀ ပြည့်နှစ်တွင် တွေ့ရှိခြင်း ဖြစ်ကာ နောက်တစ်ဦးကို မကြာသေးမီကမှတွေ့ရှိခြင်းဖြစ်သည်။

သို့သော်  အဆိုပါ ဗက်တီးရီးယားပိုး အမေရိကန်နိုင်ငံအတွင်း တည်ရှိမှုကို CDC  က ပြီးခဲ့သည့်လတွင် အတည်ပြုနိုင်ကာ ယခုမှ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ဗက်တီးရီးယားပိုးကို  အရှေ့တောင်အာရှ၊ ဗဟိုနှင့်တောင်အမေရိက၊ ကာရစ်ဘီယန်ဒေသ၊ သြစတြေးလျတို့ အပါအဝင်  ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းနှင့် သမအပူပိုင်းဒေသများတွင် တွေ့ရလေ့ရှိသည်။

အောက်စဖို့တက္ကသိုလ်က ၂၀၁၆ ခုနှစ်တွင် လုပ်ဆောင်သော သုတေသနအရ ထိုဗက်တီးရီးယားပိုးသည် နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ပျံ့နှံ့နှင့်ပြီးဖြစ်ကာ  နှစ်စဉ်လူဦးရေ ၉၀၀၀၀ နီးပါးအထိသေဆုံးစေသည်ကိုတွေ့ရသည်။၂၀၁၄ ခုနှစ်တွင်လူဝီစီယားနားပြည်နယ်ရှိဓာတ်ခွဲခန်းတစ်ခုက ထိုဗက်တီးရီးယားပိုးကို တိရစ္ဆာန်များနှင့် စမ်းသပ်မှုပေါင်းများစွာ လုပ်ဆောင်စဉ် တိရစ္ဆာန်ပေါင်းများစွာ အသက်ဆုံးရှုံးရပြီး နောက်ပိုင်း၌ ဗက်တီးရီးယား ပျံ့နှံ့သည့်အတွက်   ဓာတ်ခွဲခန်းကို ပိတ်လိုက်ရကြောင်း သိရသည်။