ရုရှားက တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံကြောင်း ထပ်လောင်း အတည်ပြု

ရုရှားက တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံကြောင်း ထပ်လောင်း အတည်ပြု

ရုရှားအစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံကြောင်း  ထပ်လောင်း အတည်ပြုသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင် ၂၉ ရက်တွင် ပြောသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့်   တယ်လီဖုန်းဆက် ဆွေးနွေးစဉ်  အမေရိကန်အနေဖြင့် မီးနှင့်မကစားရန် သတိပေးပြီးနောက် ရုရှားအစိုးရ၏ ထပ်လောင်းအတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံက တရုတ်တစ်နိုင်ငံတည်း ရှိသည်ဟူသော မူဝါဒအပေါ် ထားရှိသည့် ရပ်တည်ချက်က မပြောင်းလဲဘဲ တည်ရှိနေကြောင်း၊  တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ အခြေခံမူကို ထိန်းသိမ်းရန်  ရုရှားအစိုးရတွင် ပြဿနာမရှိကြောင်း ဆာဂျီလက်ရော့က သတင်းထောက်များကို ပြောသည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီက တရုတ်(တိုင်ပေ)သို့ သွားမည်ဟူသော အတည်မပြုနိုင်သေးသည့် ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်အစိုးရက အမေရိကန်ကို သတိပေးချက်များစွာ ထုတ်ပြန်ထားပြီးဖြစ်သည်။

တရုတ်(တိုင်ပေ)သည် တရုတ်နိုင်ငံ၏ နယ်မြေတစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု တရုတ်အစိုးရအပြင် ၎င်း၏ မိတ်ဖက်နိုင်ငံ အများအပြားကလည်း လက်ခံထားကြောင်း သိရသည်။