ဥရောပဒေသတစ်ဝန်း အပူချိန်မြင့်တက်မှုက မြေထဲပင်လယ်အတွင်း အဏ္ဏဝါအပူလှိုင်းကို ဖြစ်ပေါ်စေ

ဥရောပဒေသတစ်ဝန်း အပူချိန်မြင့်တက်မှုက မြေထဲပင်လယ်အတွင်း အဏ္ဏဝါအပူလှိုင်းကို ဖြစ်ပေါ်စေ

ပြီးခဲ့သည့် သီတင်းပတ်၌ ဥရောပဒေသတစ်ဝန်း အပူချိန်မြင့်တက်မှုက မြေထဲပင်လယ် အတွင်း အဏ္ဏဝါအပူလှိုင်းကို ဖြစ်ပေါ်စေကြောင်းနှင့် ထိုဖြစ်ပေါ်မှုကြောင့် ဂေဟစနစ်ကို ပျက်စီးစေကာ လာမည့်သီတင်းပတ်များ အတွင်း သတ္တဝါ မျိုးစိတ်ပေါင်းများစွာကို သေဆုံးစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

ဥရောပဒေသတစ်ဝန်း အပူချိန်မြင့်တက်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တောမီးလောင်မှုများနှင့် အပူကြောင့်ဖြစ်သည့် သေဆုံးမှုများကိုလည်း မြင်တွေ့ရသည်။

လေပူများတိုက်ခတ်မှု၊ သမုဒ္ဒရာရေစီးကြောင်း ပြောင်းလဲမှု၊ ပင်လယ်ရေ မျက်နှာပြင် ငြိမ်သက်မှုတို့ကြောင့် မြေထဲပင်လယ် အတွင်းရှိ ရေပြင်ကိုပူနွေးစေကာ ပျမ်းမျှအပူချိန်ဖြစ်သော ၂၄-၂၆ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်းဖြစ်သည်။

စပိန်နိုင်ငံ ဘယ်လေးရစ်ကျွန်းစုနှင့် အီတလီကမ်းရိုးတန်း ဒေသကြားရှိ ရေပြင်၏အပူချိန်မှာ ပြီးခဲ့သည့်နှစ် အလားတူ ကာလကထက် အပူချိန် ၅ ဒီဂရီစင်တီဂရိတ် ပိုပူကြောင်း စပိန်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

အဏ္ဏဝါအပူလှိုင်း  ဖြစ်ပေါ်မှုများနှင့် ပတ်သက်၍ သုတေသန နည်းပါးနေသေးသော်လည်း ယခုအခါ ရာသီဥတု ပြောင်း လဲမှုကြောင့် ထိုအပူလှိုင်းများသည် မကြာခဏ ဖြစ်ပေါ်လာလျက်ရှိရာ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းနှင့် ပလတ်စတစ် ညစ်ညမ်းမှုတို့ကြောင့် ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရသည့် ဂေဟစနစ်အပေါ် ဖိအားသက်ရောက် စေကြောင်း သိရသည်။