အမေရိကန် ကန်တက်ကီပြည်နယ်၌ ရေကြီးမှုဖြစ်ပွား လူ ၁၆ ဦး သေဆုံးထား

အမေရိကန် ကန်တက်ကီပြည်နယ်၌ ရေကြီးမှုဖြစ်ပွား လူ ၁၆ ဦး သေဆုံးထား

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်၌ ဇူလိုင် ၂၉ ရက်တွင် ရေကြီးမှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၆ ဦး သေဆုံးထားပြီး သေဆုံးသူဦးရေ ထက်ဝက်မြင့်တက်လာနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

မိုးသည်းထန်စွာ   ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှု ဖြစ်ပွားရခြင်းဖြစ်ပြီး လူအများ အိပ်ပျော်နေချိန်တွင် နေအိမ်များကို ရေတိုက်စားသွားခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ သေဆုံးသူ ၁၆ ဦးရှိသော်လည်း နောက်ထပ်ထက်ဝက်ကျော် အထိမြင့်တက် လာနိုင်ကြောင်း၊ အခြေအနေသည် ကမ္ဘာပျက်နေသည့် အလားဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီးယားကပြောသည်။

ထို့ပြင်  လူဦးရေရာပေါင်းများစွာကို လှေများဖြင့် ကယ်ဆယ်မှုများ ပြုလုပ်ထားကြောင်းနှင့် အမျိုးသားအစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်များ အသုံးပြုကာ ဝေဟင်မှတစ်ဆင့် ကယ်ဆယ်မှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

မိုးသည်းထန်စွာ   ရွာသွန်းမှုကြောင့် ပြည်နယ်၏ အချို့နေရာများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၈ လက်မကျော်အထိရှိ ကြောင်းနှင့် မြစ်ရေမှာလည်း  နာရီပိုင်းအတွင်းမှာပင် ပေ ၂၀ အထိ  မြင့်တက်လာသည်။

အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်က ကန်တက်ကီပြည်နယ်ရေကြီးမှုကို သဘာဝဘေးအန္တရာယ် ကျရောက်မှုအဖြစ် ကြေညာချက်ထုတ်ပြန်ကာ ဗဟိုအစိုးရရန်ပုံငွေမှကူညီထောက်ပံ့မှုများ ပေးသွားရန် ခွင့်ပြုထားကြောင်း သိရသည်။