တရုတ်လေတပ်က နိုင်ငံ၏ ပိုင်နက်နယ်မြေများ တည်တံ့ခိုင်မြဲရေးကို ကာကွယ်နိုင်စွမ်း ရှိဟုဆို

တရုတ်လေတပ်က နိုင်ငံ၏ ပိုင်နက်နယ်မြေများ တည်တံ့ခိုင်မြဲရေးကို ကာကွယ်နိုင်စွမ်း ရှိဟုဆို

တရုတ်နိုင်ငံ၏  လေတပ်အနေဖြင့် နိုင်ငံ၏ ပိုင်နက်နယ်မြေများ တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ တို့ကို ကာကွယ်နိုင်စွမ်း ရှိကြောင်းနှင့် ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၃၁ ရက်တွင်ပြောသည်။

လေတပ်တွင် တိုက်လေယာဉ် အမျိုးအစားများစွာရှိပြီး အမိမြေ၏ အဖိုးတန် ကျွန်းများကို  လှည့်ပတ်သွားလာနိုင်စွမ်းရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝါရင့်ဗိုလ်မှူးကြီး ရှန်ဂျင်ကီက တရုတ်(တိုင်ပေ)ကို ရည်ညွှန်းကာ ပြောဆိုထားသည်ဟု နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၌  တတိယမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီက ဇူလိုင် ၂၉ ရက်တွင် အာရှဒေသ ခရီးစဉ်ကို စတင်ပြီ ဖြစ်သော်လည်း ၎င်း၏ခရီးစဉ်တွင် တရုတ်(တိုင်ပေ)သို့ လာမည့်အစီအစဉ် မပါဝင်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

သို့သော် နန်စီပီလိုဆီ၏ ခရီးစဉ်မတိုင်မီတွင် ၎င်းအနေဖြင့် တရုတ်(တိုင်ပေ)သို့ လာနိုင်သည်ဟူသော သတင်းများထွက်ပေါ်ကာ တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်လုနီးပါး အခြေအနေအထိ ရောက်ရှိလာသည်။

ထိုအရေးနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့၏ တယ်လီဖုန်းဆက်ဆွေးနွေးမှုတွင် မီးနှင့်ကစားသူသည် မီးကြောင့်ပျက်စီးရမည်ဟု တရုတ်သမ္မတက သတိပေးပြီးနောက် နန်စီပီလိုဆီ၏ ခရီးစဉ်တွင် တရုတ်(တိုင်ပေ)သို့ ဝင်မည့် အစီအစဉ် မပါဝင်လာတော့ခြင်း ဖြစ်ကြောင်း သိရသည်။