သမ္မတပူတင်က တပ်မတော်(ရေ)နေ့မှာ ရုရှားအတွက် အဓိက ရန်သူကို ကြေညာကာ ရေတပ်အခြေခံမူဝါဒ အသစ်ချမှတ်

သမ္မတပူတင်က တပ်မတော်(ရေ)နေ့မှာ ရုရှားအတွက် အဓိက ရန်သူကို ကြေညာကာ ရေတပ်အခြေခံမူဝါဒ အသစ်ချမှတ်

ရုရှားနိုင်ငံမှာ နှစ်စဉ်ဇူလိုင်လ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း  ကျင်းပလေ့ရှိတဲ့ စစ်ဘက်ဆိုင်ရာ ပွဲတော်တစ်ခုရှိပါတယ်။ အဲဒါကတော့ ရုရှား တပ်မတော်(ရေ)နေ့ပါ။

ဒီနှစ်အတွက် တပ်မတော်(ရေ)နေ့ကိုတော့ ဇူလိုင် ၃၁ ရက်က စိန့်ပီတာစဘတ်မြို့နဲ့ ခရွန်စတတ်ရေတပ် စခန်းတို့မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို စစ်သေနာပတိချုပ်အဖြစ်လည်း တာဝန်ယူထားရတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့တာပါ။

ရှေးဦးစွာ   အဓိကရေတပ် စစ်ရေးပြ အခမ်းအနား မစတင်မီ  သမ္မတပူတင်က ရေတပ်အခြေခံ မူဝါဒကို  အတည်ပြုတဲ့ အထူးအမိန့်နဲ့ ရုရှားရေတပ် စည်းမျဉ်းဥပဒေများကို အတည်ပြုတဲ့ အထူးအမိန့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စိန့်ပီတာစဘတ်ပြည်နယ် သမိုင်းပြတိုက်မှာ ကျင်းပပါတယ်။

အခုအတည်ပြုလိုက်တဲ့ ရေတပ်အခြေခံ မူဝါဒက ကမ္ဘာပေါ်မှာ ပြောင်းလဲလာတဲ့ ပထဝီနိုင်ငံရေးနဲ့ စစ်ရေးမဟာဗျူဟာ အခြေအနေတို့နဲ့အညီဖြစ်ပြီး ရေတပ်စစ်ရေး လှုပ်ရှားမှု နယ်ပယ်အတွင်း စစ်စည်းရုံးခြင်း အတွက်ကြိုတင်ပြင်ဆင်မှုနဲ့ စစ်စည်းရုံးခြင်း အသင့်ရှိမှုတို့နဲ့ဆက်စပ်နေတယ်လို့ ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ယူရီဘိုရီဆော့က ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံအတွက် အဓိကရန်သူက ကမ္ဘာ့သမုဒ္ဒရာများကို လွှမ်းမိုးလိုတဲ့ အမေရိကန်ရဲ့မဟာဗျူဟာမြောက် မူဝါဒနဲ့ ရုရှားရဲ့ နယ်စပ်ဒေသများ အနီးကိုရွေ့လျားလာတဲ့ NATO စစ်ရေး မဟာမိတ်အဖွဲ့ရဲ့ လှုပ်ရှားမှုပဲဖြစ်တယ်လို့  ရေတပ်အခြေခံ မူဝါဒမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီနောက် သမ္မတပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂျီရွိုင်ဂူ၊ ရေတပ်ဦးစီးချုပ် နီကိုလိုင်းယက်မီနော့တို့နဲ့ အတူ ရေတပ်စစ်ရေးပြ အခမ်းအနားမှာပါဝင်တဲ့   စစ်သည်များကို လိုက်လံနှုတ်ဆက်ပါတယ်။

သမ္မတပူတင်အနေနဲ့  အဓိကရေတပ် စစ်ရေးပြအခမ်းအနား မတိုင်မီ ခရွန်စတတ် ရေတပ်စခန်းမှာ ကျင်းပတဲ့ စစ်ရေယာဉ်များရဲ့ချီတက် အလေးပြုမှုကို   ခံယူခဲ့ပါသေးတယ်။

ပင်မရေတပ်စစ်ရေးပြ အခမ်းအနားမှာ အကြမ်းဖက်မှု နှိမ်နင်းရေးရေယာဉ်များ၊ ကမ်းထိုးရေယာဉ်များ၊ Raptor အတန်း အစား ကင်းလှည့်ရေယာဉ်များ၊ မိုင်းရှင်းရေယာဉ်များ၊ ဒုံးတင်ရေယာဉ်၊ ပဲ့ထိန်းဒုံးတင် ကော်ဗက်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများအစရှိတဲ့ စစ်ရေယာဉ် အစင်းပေါင်း ၄၀ ကျော်၊ စစ်လေယာဉ် ၄၂ စင်းနဲ့စစ်သည်အင်အား ၃၅၀၀ တို့ ပါဝင်စစ်ရေးပြခဲ့ကြပါတယ်။

ခရွန်စတတ်ရေတပ်စခန်းမှာ ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားမှာတော့ ဒုံးတင်စစ်သင်္ဘောကြီး၊ ပဲ့ထိန်းဒုံးတင် ကော်ဗက်စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောဖျက် အသေးစားရေယာဉ်များ၊ ကော်ဗက်ရေယာဉ်များ၊ ကင်းလှည့်ရေယာဉ်များ၊  ကမ်းခြေစောင့်သင်္ဘော၊ လေ့ကျင့်ရေး သင်္ဘောနဲ့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတို့ ပါဝင်စစ်ရေးပြပါတယ်။

ဒါ့အပြင် ပါဝင်စစ်ရေးပြကြတဲ့ စစ်လေယာဉ်တွေထဲမှာ Mi-8? Ka-31 နဲ့ Ka-27 ရဟတ်ယာဉ်များ၊ An-72 ၊ Be-200 ၊ Il-38 ၊ Tu-154၊Tu-134၊Tu-142 MK နဲ့ Su-24 လေယာဉ်များအပြင် Su-27 ၊ MiG-29 နဲ့ MiG-31 တိုက်လေယာဉ်များ ပါဝင်တာ ကိုလည်း တွေ့ရပါတယ်။

ဒီနှစ်အတွက် တပ်မတော်(ရေ)နေ့မှာ ထူးခြားချက်တစ်ခုက ရေတပ်အနေနဲ့ ဇာကွန်အမျိုးအစား အသံထက် အလွန်မြန် ဒုံးကျည်တွေကို သိပ်မကြာခင်မှာ လက်ခံရရှိသွားရတော့မယ်လို့   သမ္မတပူတင်က ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။

သူ့ကိုတားမြစ်ခြင်းငှာ ဘယ်သူမှမစွမ်းသာတဲ့ ဇာကွန်အသံထက် အလွန်မြန်အနိမ့်ပျံ ဒုံးကျည်တွေကို ပထမဆုံး တပ်ဆင်အသုံးပြုခွင့်ရမယ့် စစ်ရေယာဉ်က   ဖရီးဂိတ် စစ်သင်္ဘော Admiral Gorshkov ဖြစ်တယ်လို့လည်း   သမ္မတပူတင်က ထည့်သွင်း  ပြောထားတာတွေ့ရပါတယ်။

ဇာကွန်အသံထက် အလွန်မြန်ဒုံးကျည်ဆိုတာ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ စစ်သင်္ဘောအပေါ်ကနေ ပစ်ခတ်လိုက်မယ်ဆိုရင် ကီလိုမီတာ ၁၅၀၀ (၉၃၂) မိုင်အထိ သွားရောက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ဖြစ်ပြီး ပထမဆုံး စမ်းသပ်မှုကို  ၂၀၂၀ ပြည့်နှစ်မှာအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာပါ။

ရုရှားရေတပ်ကို  ပထမဆုံး တည်ထောင်သူက  ပီတာသယ်ဂရိတ်ဖြစ်ပြီး ဒီနှစ်ဟာဆိုရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ   သူ့ရဲ့အနှစ် ၃၅၀ မြောက် မွေးနေ့လည်းဖြစ်ပါတယ်။

ပီတာသယ်ဂရိတ်ရဲ့ လမ်းညွှန်မှုကြောင့်ပဲ ရုရှားနိုင်ငံဟာ အင်အားကြီးမားတဲ့ ရေတပ်ကို ပိုင်ဆိုင်လာရတာဖြစ်သလို သူ့ကြောင့်ပဲ ရုရှားနိုင်ငံ ဖြစ်တည်မှုနဲ့ ရုရှားရေတပ် သမိုင်းတို့က ခွဲမရအောင်ဖြစ်ခဲ့တာဖြစ်တယ်လို့ သမ္မတပူတင်က   တပ်မတော်(ရေ)နေ့မိန့်ခွန်းမှာ     ထည့်သွင်းပြောသွားခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင်  အကြီးစား သင်္ဘောများနဲ့ စစ်ရေယာဉ်များ တည်ဆောက်မှုနဲ့ အဏ္ဏဝါသုတေသန အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ရေတပ်စစ်သည်များ၊ သင်္ဘောတည်ဆောက်သူများ၊ ပင်လယ်ပြင်၊ ရေယာဉ်စုတို့နဲ့ ဆက်စပ်ဖြစ်တည်နေတဲ့ စက်မှုလုပ်ငန်းများမှ အလုပ်သမားများရဲ့ မိသားစုဝင်များအားလုံး   ချမ်းသာသုခရရှိရေးဟာ အစိုးရရဲ့ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်တယ်လို့ သမ္မတပူတင်က ပြောခဲ့ကြောင်း  သိရပါတယ်။

Ref: Kremlin