နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်အပေါ် တရုတ်အစိုးရ ပြင်းပြင်းထန်ထန်ဝေဖန် တရုတ်စစ်ဘက်က ပစ်မှတ်ထား စစ်ဆင်ရေးများ လုပ်သွားမည်ဟုဆို 

နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်အပေါ် တရုတ်အစိုးရ ပြင်းပြင်းထန်ထန်ဝေဖန် တရုတ်စစ်ဘက်က ပစ်မှတ်ထား စစ်ဆင်ရေးများ လုပ်သွားမည်ဟုဆို 

  အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏  တရုတ်(တိုင်ပေ)ခရီးစဉ်အပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ကာ တရုတ်စစ်ဘက်က ပစ်မှတ်ထား စစ်ဆင်ရေးများ  လုပ်သွားမည်ဟု ထုတ်ပြန်လိုက်ကြောင်း သိရသည်။

နန်စီပီလိုဆီသည် သြဂုတ် ၂ ရက်ညတွင် တရုတ်(တိုင်ပေ)သို့  ရောက်ရှိလာခြင်းဖြစ်သည်။ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်ကို  ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ထိုလုပ်ရပ်သည်  နိုင်ငံရေးအရ ရန်စမှုကြီးဖြစ်ကြောင်း  တရုတ်အစိုးရ၏ ထိပ်တန်းနိုင်ငံရေး အကြံပေးအဖွဲ့က   ပြောသည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ရပ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုသာမက တရုတ် -အမေရိကန် နှစ်နိုင်ငံကြား ရရှိထားသည့် ပူးတွဲကြေညာချက် သုံးရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်များကို  ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံ အမျိုးသားကော်မတီ၏  နိုင်ငံခြားရေးရာ ကော်မတီက ထုတ်ပြန်ထားသည်။

အလားတူ နန်စီပီလိုဆီ၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး၏  နိုင်ငံရေး အခြေခံအုတ်မြစ်များကို   ပျက်စီးပြိုလဲစေကာ နှစ်နိုင်ငံဆက်ဆံရေးကို ယိုယွင်းစေကြောင်းနှင့် အမေရိကန်အနေဖြင့် ကတိပေးထားသည့်အတိုင်း တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်ဆံရေး နည်းလမ်းများ အားလုံးကိုဖြတ်တောက်ရန် တိုက်တွန်းကြောင်း ထိုကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက  ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။

နန်စီပီလိုဆီ၏ ခရီးစဉ်သည်   တရုတ်(တိုင်ပေ) လွတ်လပ်ရေး ကြိုးပမ်းနေသည့် ခွဲထွက်အင်အားစုများကို  မှားယွင်းသော အချက်ပြမှုဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကမူ အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး တန်ပြန်ဆောင်ရွက်မှု အနေဖြင့် ပစ်မှတ်ထား စစ်ဆင်ရေးများကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်စစ်ဘက်အနေဖြင့် နိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာနှင့် နိုင်ငံတော် တည်တံ့ခိုင်မြဲရေးတို့ကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝူကျန်းကပြောသည်ဟု   သိရသည်။