EU ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုဒဏ်ကို ဥရောပက ပိုခံစားရ

EU ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုဒဏ်ကို ဥရောပက ပိုခံစားရ

    ဥရောပသမဂ္ဂ (EU) က  ရုရှားအပေါ်ချမှတ်သည့် အရေးယူ ပိတ်ဆို့မှုဒဏ်ကို ရုရှားနိုင်ငံထက် ဥရောပနိုင်ငံများက ပိုမိုခံစားနေရကြောင်း ပြင်သစ်လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် မရင်းလူပန်က သြဂုတ် ၂ ရက်တွင်ပြောသည်။

အရေးယူပိတ်ဆို့မှုမူဝါဒ မအောင်မြင်သည့်အတွက်  ထိုအရေးယူပိတ်ဆို့မှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဥရောပနိုင်ငံများကသာ ပိုမိုခံစားရခြင်းဖြစ်ကြောင်း၊ လက်တွေ့အခြေအနေမှာ ရုရှားထက် ဥရောပ နိုင်ငံသားများက အရေးယူပိတ်ဆို့မှု၏ သားကောင်များဖြစ်နေကြောင်း မရင်းလူပန်က  ပဲရစ်မြို့၌ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင်ပြောသည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများသည် ၂၀၁၄ ခုနှစ်တွင် ရုရှား အပေါ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်နှင့် အတူတူပင်ဖြစ်ကြောင်း  ၎င်းကဆက်ပြောသည်။

အလားတူ ဥရောပရှိ အစိုးရများပြောနေသကဲ့သို့ ရုရှားစီးပွားရေးသည် ဥရောပ ခြေရင်း ဝပ်ဆင်းမှုမရှိသည့်အပြင် ၎င်းတို့ သဘာဝဓာတ်ငွေ့များကိုပင် ပိုမိုရောင်းချ နေရကာ ထိုသို့ရောင်းချရာတွင်လည်း အရေး ယူပိတ်ဆို့မှု မလုပ်မီက ဈေးနှုန်းများထက် ပိုမိုများပြားသောဈေးဖြင့် ရောင်းချနေရခြင်း ဖြစ်ကြောင်း၊ ထို့အတူ ရုရှားသည် ကုန်သွယ် ဖက်နိုင်ငံအသစ်များပင်  ရရှိသွားပြီဖြစ် ကြောင်း မရင်းလူပန်က ဆိုသည်။

ရုရှားနှင့် ယူကရိန်းတို့ကြား  ပဋိပက္ခ ဖြစ်ပွားပြီးနောက် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ရုရှားနိုင်ငံအပေါ် အလွန်တင်းကျပ်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။