နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ် လုံးလုံးလျားလျား ရန်စခြင်းဖြစ်ဟု ရုရှားပြော

နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ် လုံးလုံးလျားလျား ရန်စခြင်းဖြစ်ဟု ရုရှားပြော

    အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်သည် လုံးလုံးလျားလျား ရန်စခြင်းဖြစ်ကြောင်းနှင့် ထိုအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှအခိုင်အမာ ရပ်တည်ကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သြဂုတ် ၂ ရက်တွင် ပြောသည်။

ထို့ပြင် နန်စီပီလိုဆီ၏ ခရီးစဉ်သည် အခြေအနေတစ်ခုသို့ ရောက်အောင် တွန်းပို့ပေးနေခြင်း ဖြစ်ကြောင်းနှင့် တင်းမာမှုများဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း ဒီမီထရီပက်စကော့က ဆက်ပြောသည်။

တရုတ်(တိုင်ပေ)အရေးသည်  အထိအခိုက်မခံသည့် အခြေအနေဖြစ်သည်ကို တစ်ကမ္ဘာလုံးက  သိရှိနားလည်သဘော ပေါက်ထားကြောင်း၊ ယင်းသို့သော အခြေအနေမျိုးတွင် အမေရိကန်က ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကိုသာ  ရွေးချယ်လိုက်ကြောင်း၊ ထိုရွေးချယ်မှုသည် ကောင်းသော နိမိတ်မဟုတ်ကြောင်းနှင့် အမေရိကန်၏ ဆုံးဖြတ်ချက်က  စိတ်မကောင်းဖွယ်ရာသာ ဖြစ်ကြောင်း  ဒီမီထရီပက်စကော့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အကယ်၍ တရုတ်(တိုင်ပေ) အရေးနှင့် ပတ်သက်၍  လက်ရှိဖြစ်ပွားနေသော တရုတ်-အမေရိကန် တင်းမာမှုက စစ်ပွဲအထိဖြစ်ပွားခဲ့ပါက ရုရှားနိုင်ငံ၏ နယ်နိမိတ်များကို ရုရှားတပ်မတော် တစ်ရပ်တည်းဖြင့်ပင် လုံခြုံအောင် ကာကွယ်နိုင်စွမ်းရှိကြောင်း ၎င်းကမှတ်ချက်ပြုပြောသည်ဟု  သိရသည်။