အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ တရုတ်(တိုင်ပေ)သို့ ရောက်ရှိ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ တရုတ်(တိုင်ပေ)သို့ ရောက်ရှိ

    အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီသည်   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အကြံပြုမှုကို ဆန့်ကျင်ကာ သြဂုတ် ၂ ရက် ညပိုင်းတွင် တရုတ်(တိုင်ပေ)သို့ ရောက်ရှိလာကြောင်း သိရသည်။

နန်စီပီလိုဆီသည် မကြာသေးမီက စတင်သည့် ၎င်း၏အာရှဒေသ လေးနိုင်ငံခရီးစဉ်တွင် မပါဝင်သည့်   တရုတ်(တိုင်ပေ)သို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိမှုသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း တရုတ်(တိုင်ပေ)သို့ ရောက်ရှိသည့် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ပထမဆုံး ခရီးစဉ်ဖြစ်လာသည်။

နန်စီပီလိုဆီ ကို တင်ဆောင်လာသော အမေရိကန်လေတပ်မှ Boeing C-40C လေယာဉ်သည် နံနက်ပိုင်းတွင် စင်ကာပူရှိ ပါယာလီဘာ လေတပ်စခန်းမှ ထွက်ခွာလာကာ မလေးရှားနိုင်ငံ၌ ခေတ္တရပ်နားပြီး မွန်းလွဲပိုင်းတွင် တောင်တရုတ်ပင်လယ်ကို ရှောင်လွှဲကာ ည ၆ နာရီခွဲခန့်တွင် အင်ဒိုနီးရှားနိုင်ငံရှိ တိုလီတိုလီလေဆိပ်၌ ခေတ္တရပ်နားသည်။

ယင်းနောက်  ည ၇ နာရီခွဲခန့်တွင် တိုလီတိုလီလေဆိပ်မှ ထွက်ခွာလာသည့် Boeing C-40C သည် ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၄  မိနစ်တွင်  တိုင်ပေဆောင်ရှန်း လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နန်စီပီလိုဆီသည် သြဂုတ် ၃ ရက်တွင် တရုတ်(တိုင်ပေ)သမ္မတ  ဆိုင်ယင်းဝမ်၊ လွှတ်တော်ဥက္ကဋ္ဌ ယူဆီကွန်းတို့နှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် တောင်ကိုရီးယား နိုင်ငံသို့ ဆက်လက်ထွက်ခွာ သွားမည်ဖြစ်ကြောင်း သိရသည်။