သီရိလင်္ကာက ကလေးများအတွက် အရေးပေါ် အကူအညီ တောင်းခံ

သီရိလင်္ကာက ကလေးများအတွက် အရေးပေါ် အကူအညီ တောင်းခံ

    စီးပွားရေး ချွတ်ခြုံကျမှုနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံက ကလေးငယ်များတွင်   အာဟာရချို့တဲ့မှုများ လျင်မြန်စွာ ဖြစ်ပွားလာနေသည့်အတွက်   သြဂုတ် ၁ ရက်တွင် အရေးပေါ် အကူအညီတောင်းခံကြောင်း သိရသည်။

စီးပွားရေးအကျပ်အတည်း ဖြစ်နေသည့် သီရိလင်္ကာနိုင်ငံရှိ   ပြည်သူ ၁၀ ဦးလျှင် ကိုးဦးက    အစိုးရ၏ ပေးစာကမ်းစာနှင့် အသက်ဆက်နေရခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါအမြင့်ဆုံး ဖြစ်ပွားချိန်တွင်  နိုင်ငံ၏ စီးပွားရေး အခြေအနေ ဆိုးဝါးလာကာ ယခုအခါတွင် ထိုအခြေအနေမှာ အဆိုးဆုံးသို့ ရောက်ရှိလာကြောင်း၊ ထို့ကြောင့် အစာရေစာ မလောက်ငမှုနှင့် ရင်ဆိုင်နေရသည့် ကလေးငယ် သိန်းပေါင်းများစွာအတွက် အရေးပေါ် အကူအညီများ တောင်းခံရခြင်းဖြစ်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်အလယ်ပိုင်းအထိ စာရင်းကောက်ယူမှုများအရ    နိုင်ငံအတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ် ၅၇၀၀၀၀ ခန့်အနက် ၁၂၇၀၀၀ မှာ အာဟာရချို့တဲ့နေကြောင်း၊ ထိုအချိန်မှစ၍ ယခုအချိန်အထိ အာဟာရချို့တဲ့သည့်  ကလေးငယ် အရေအတွက် ပိုမိုများပြားလာမည်သာ ဖြစ်ကြောင်း အမျိုးသမီးနှင့်ကလေး သူငယ်ရေးရာဝန်ကြီးက ပြောသည်။

ထို့ပြင် အစိုးရ၏ တိုက်ရိုက်ထောက်ပံ့မှုကို လက်ခံရရှိနေသည့်      ပြည်သူအရေအတွက်မှာ ပြီးခဲ့သည့်နှစ်အတွင်း နှစ်ဆမြင့်တက်လာပြီး   ယခုအခါ  ပြည်သူ ၉၀ ရာခိုင်နှုန်းမှာ အစိုးရ၏ဘဏ္ဍာရေး အကူအညီအပေါ် မှီခိုနေရကြောင်းနှင့် ထိုအထဲ တွင် နိုင်ငံဝန်ထမ်း ၁ ဒသမ ၆ သန်းပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

သီရိလင်္ကာနိုင်ငံ၏ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုမှာ ၆၀ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း တရားဝင် စာရင်းဇယားများက ဖော်ပြထားသော်လည်း မြေပြင်တွင် ၁၀၀ ရာခိုင်နှုန်းကျော်သွားပြီဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် ဇင်ဘာဘွေနိုင်ငံပြီးနောက် သီရိလင်္ကာက   ဒုတိယနေရာတွင် ရှိနေကြောင်း ပုဂ္ဂလိကစီးပွားရေး ပညာရှင်များက ပြောထားသည်ဟု သိရသည်။