ယူကရိန်းပဋိပက္ခတွင် အမေရိကန်က တိုက်ရိုက်ပါဝင်နေ

ယူကရိန်းပဋိပက္ခတွင် အမေရိကန်က တိုက်ရိုက်ပါဝင်နေ

ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာန ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗာဒင်စကီ ဗစ်စကီ၏  ပြောဆိုချက်ကိုကြည့်မည်ဆိုပါက အမေရိကန်နိုင်ငံသည် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်နေသည်ကို တွေ့ရကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက သြဂုတ် ၂ ရက်တွင်ပြောသည်။

Telegraph  သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ အမေရိကန်က ပေးပို့ထားသည့်  HIMARS အတွဲလိုက် ဒုံးပစ်လောင်ချာများ အတွက် ပစ်မှတ်များကို သတ်မှတ်ရာတွင်   မည်သည့်နိုင်ငံ၏ ဂြိုဟ်တုများကို  အသုံးပြုနေသည် ဟူသော မေးခွန်းကို ဗာဒင်စကီဗစ်စကီက တိုက်ရိုက်ဖြေဆိုထားခြင်း မရှိသည်ကို တွေ့ရသည်။

သို့သော် ယူကရိန်းအနေဖြင့် ထိုအတွဲလိုက်  ဒုံးပစ်လောင်ချာများကို မပစ်လွှတ်မီ အမေရိကန်နှင့် တိုင်ပင်ရကြောင်း၊  ယင်းဒုံးပစ်လောင်ချာများကို အသုံးပြုမှုအတွက် အမေရိကန်၏ ဆုံးဖြတ်ချက်သည်သာ ပဓာနဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခ၌ အမေရိကန်က တိုက်ရိုက်ပါဝင်နေခြင်း  ရှိ၊   မရှိနှင့် ပတ်သက်၍ နောက်ထပ် အတည်ပြုမှု မလိုအပ်တော့ကြောင်း၊ အမေရိကန်သည် ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ပေးနေသည်သာမက ထိုလက်နက်များကိုလည်း ၎င်းတို့ကိုယ်တိုင်  ပစ်ခတ်နေခြင်းဖြစ်ကြောင်း မာရီယာဇာခါရိုဗာက ပြောသည်။

ထို့ပြင် အမေရိကန်သည်  ယူကရိန်းပဋိပက္ခ၌  တိုက်ရိုက်ပါဝင်နေကာ ထိုသို့သော အခြေအနေမျိုးသည် လက်ခံနိုင်ဖွယ် ရာ မရှိကြောင်း ဇာခါရိုဗာက အလေးပေးပြောသည်။ ယခင်ကမူ  အမေရိကန်တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် ယူကရိန်း ပဋိပက္ခတွင် တိုက်ရိုက်ပါဝင် ပတ်သက်နေခြင်း  မရှိကြောင်း  အခိုင်အမာ ပြောထားသည်ဟုသိရသည်။