နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန်  ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန်  ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် သြဂုတ် ၃

တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးတို့ ကိုရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်  ဖိတ်ခေါ်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ ံ Horizon Lake View Resort သို့ ရောက်ရှိကြသည်။      

အဆိုပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ အား အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက “ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊  ငြိမ်းချမ်းရေးရရှိရေး သည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့ ၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ”စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော် အလံငယ်များကို ကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုခဲ့ကြသည်။