၂၀၂၂ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော်  သြဂုတ်  ၄

ကျန်းမာရေးဝန်ကြီးဌာန    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ၂၀၂၂ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး   ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းက အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှုကို အခံစားရဆုံး အုပ်စုဖြစ်ပြီး ငယ်စဉ်ကပင် အာဟာရဆိုင်ရာ အသိပညာနည်းပါးခြင်း၊    လွဲမှားသည့် ရှေးရိုး အစားအစာစားသုံးမှု ဓလေ့ထုံးစံများ လွှမ်းမိုးလျက်ရှိခြင်း၊ အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ချက်ပြုတ် စားသုံးတတ်မှုနည်းပါးခြင်း၊ ရောဂါပိုးမွှားများ ကူးစက်ခံရခြင်း၊   ကလေးပြုစု စောင့်ရှောက်တတ်မှု အားနည်းခြင်း စသည့် အကြောင်းအချက် များစွာကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကလေးများအား မွေးစမှအသက် ခြောက်လအထိ  မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်နှင့်  ကလေးအသက်ခြောက်လ ပြည့်သည့်အချိန်မှစ၍  သင့်တော်သောဖြည့်စွက်စာနှင့် အတူ   အနည်းဆုံး ကလေးအသက် နှစ်နှစ်အထိ   မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားကြောင်း၊  Myanmar Demographic and Health Survey (၂၀၁၅-၂၀၁၆) ခုနှစ်အရ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနှုန်းသည် ၅၁ ရာခိုင်နှုန်းအထိ  ရှိလာသည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ်သည် "Step Up for Breastfeeding, Educate and Support" ဖြစ်ပြီး “မိခင်နို့ချိုတိုက်ဖို့ရာ၊  ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါ”ဟူ၍ မြန်မာဘာသာပြန်ဆိုထားကြောင်း၊ မိခင်နို့ တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသည့်အတွက် ပိုမိုမြှင့်တင် ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများမှ  ပံ့ပိုးပေးကြရန် လိုအပ်ကြောင်း၊ အာဟာရစောင့်ရှောက်ရေး လုပ်ငန်းများကို အောင်မြင်စေရေး ဆောင်ရွက်ရာတွင် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများ အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်  အလေးအနက် တိုက်တွန်းကြောင်း   ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် ပညာပေး ဗီဒီယိုနှင့် အထိမ်းအမှတ် ပြခန်းငယ်အား  လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးများကို ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို အဏုအာဟာရ ဆေးဘူးများ၊ အိုင်အိုဒင်းဆားထုပ်များနှင့် လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း  သိရသည်။

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင်  နှစ်စဉ် သြဂုတ်လ၏ ပထမပတ်အား ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ လည်းကောင်း၊ ဒုတိယရက်သတ္တပတ်အား ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ    အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အင်အားပြည့်ဗီတာမင်အေ ဆေးလုံးများ၊ သန်ချဆေးများ တိုက်ကျွေးခြင်း၊ အာဟာရ ပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊   တတိယပတ်အား ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား  အဏုအာဟာရ ဆေးပြားနှင့် ဗီတာမင်ဘီဝမ်း ဆေးပြားများ တိုက်ကျွေးခြင်း၊ အာဟာရ ပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ စတုတ္ထ ပတ်အား အိုင်အိုဒင်း ချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။