အမေရိကန်၏ ဝေဖန်ရှုတ်ချမှုကို မြောက်ကိုရီးယားက မည်သည့်အခါမျှ သည်းခံသွားမည် မဟုတ်ဟုဆို

အမေရိကန်၏ ဝေဖန်ရှုတ်ချမှုကို မြောက်ကိုရီးယားက မည်သည့်အခါမျှ သည်းခံသွားမည် မဟုတ်ဟုဆို

နိုင်ငံ၏နျူကလီးယား အစီအစဉ်အပေါ် အမေရိကန်၏ ဝေဖန်ရှုတ်ချမှုကို မည်သည့်အခါမျှ  သည်းခံသွားမည်မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက သြဂုတ် ၄ ရက်တွင် သတိပေးလိုက်သည်။

ထို့ပြင်  အမေရိကန်နိုင်ငံသည်သာ နျူကလီးယား လက်နက်ပြန့်ပွားမှုအတွက် အခရာဖြစ်ကြောင်းနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သော   မြောက်ကိုရီးယား နိုင်ငံ၏ အခွင့်အရေးများအပေါ် မည်သည့်ထိပါး ပြောဆိုမှုကိုမျှ လက်ခံသွားမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်ထားသည့်အတွက် မကြာမီတွင် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

နျူကလီးယားလက်နက်များ  မပြန့်ပွားရေး သဘောတူစာချုပ်ကို  ပြန်လည်သုံးသပ်သည့်  တစ်လကြာ ကုလသမဂ္ဂညီလာခံ အတွက်  သံတမန်များ စုဝေးရောက်ရှိစဉ် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ယခုကဲ့သို့     ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယား အနေဖြင့်  တရားဥပဒေနှင့်မညီသော နျူကလီးယား အစီအစဉ်ကို ဆက်လက်တိုးချဲ့ လုပ်ဆောင်လျက် ရှိကြောင်းနှင့်  ခုနစ်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ပြောထားသည်။

သို့သော် မြောက်ကိုရီးယား နိုင်ငံသည် နျူကလီးယားလက်နက်   မပြန့်ပွားရေး သဘောတူစာချုပ်အဖွဲ့မှ  လွန်ခဲ့သောနှစ် များစွာကတည်းက နုတ်ထွက်ထားပြီး ဖြစ်သည့်အတွက် နိုင်ငံ၏ ခုခံကာကွယ်ပိုင်ခွင့်နှင့် ပတ်သက်၍ မည်သူကမျှ ထိပါးပြောဆိုခွင့်မရှိကြောင်း မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နျူကလီးယား စစ်ပွဲအဟန့်အတွက်နှင့် အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက်မှုများကို တုံ့ပြန်တိုက်ခိုက်မှုအတွက် အသင့်ရှိကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်က  ပြီးခဲ့သည့် သီတင်းပတ်တွင်  ပြောထားသည်။