ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု အယောက် တစ်သန်းကျော် ရှိလာ

ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု အယောက် တစ်သန်းကျော် ရှိလာ

ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ပြည်ပ ခရီးသွား ဝင်ရောက်မှုသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလ   ပထမဆုံးအဖြစ် အယောက်တစ်သန်းကျော် ရှိလာကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းကို အဓိကစီးပွားရေး အဖြစ်မှီခိုနေပြီး ဇွန်လတွင် ပြည်ပခရီးသွား ခုနစ်သိန်းခွဲကျော် ရှိခဲ့ရာမှ ဇူလိုင်လတွင် ၁ ဒသမ ၀၇ သန်းအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီက သြဂုတ် ၄ ရက်တွင်ပြောသည်။

ထိုင်းနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပြည်ပခရီးသွား ၂ ဒသမ ၀၆ သန်းအထိရှိခဲ့ရာမှ နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ဝင်ပေါက်များကိုပိတ်လိုက်ရသည့်အတွက် ပြည်ပခရီးသွား သိသိသာသာ ကျဆင်းသွားသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် ပြည်ပခရီးသွား  သန်း ၄၀ ကျော်အထိ ဝင်ရောက်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင်မူ ပြည်ပခရီးသွား ၄၂၈၀၀၀ ခန့်သာ ဝင်ရောက်နိုင်ခဲ့သည်။

ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ချမှတ်ထားသည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် ပထမခုနစ်လအတွင်း ခရီးသွား အရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် ရာခိုင်နှုန်း ၅၃၀၀ နီးပါးမြင့်တက်ကာ ပြည်ပခရီးသွား ၃ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး ဘတ် ၁၅၇ ဘီလီယံအထ ိငွေကြေးသုံးစွဲမှု ရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

အလားတူ ဝန်ကြီးချုပ်ကလည်း ယခုနှစ်တွင် နိုင်ငံအတွင်းသို့    ပြည်ပခရီးသွား ၁၀ သန်းအထိဝင်ရောက်လာစေရေး မျှော်မှန်းထားပြီး ခရီးသွားလုပ်ငန်း ပိုမိုအားကောင်းလာမှုကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ခန့်မှန်းထားသည်ထက်ပင် ပိုနိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်ဟု သိရသည်။