ဂျပန်နိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း လူနှစ်သိန်း ဘေးကင်းရာ ရွှေ့ပြောင်း

ဂျပန်နိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း လူနှစ်သိန်း ဘေးကင်းရာ ရွှေ့ပြောင်း

    ဂျပန်နိုင်ငံမြောက်ပိုင်း၌ သြဂုတ် ၄ ရက်တွင် မိုးသည်းထန်စွာ  ရွာသွန်းခြင်းကြောင့် အန္တရာယ်ရှိသည့် ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းမှာပင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားများကျိုးခြင်း၊ မြစ်ကမ်းပါးများ ပြိုကျခြင်းတို့ဖြစ်ပွားသည့် အတွက်  လူနှစ်သိန်းကို  ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်   တိုက်တွန်းထားကြောင်း တာဝန်ရှိသူများကပြောသည်။

အစိုးရတာဝန်ရှိသူများက မြေပြိုမှုများနှင့် ရေကြီးမှုများ ဖြစ်ပွားနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားစဉ်မှာပင် လူနှစ်ဦး ပျောက်ဆုံးနေကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ   ဟီရိုကာဇူမတ်ဆူနိုက ပြောသည်။

ရုပ်မြင်သံကြားတွင် ဖော်ပြထားသည့် ပုံရိပ်များအရ နေအိမ်အချို့မှာ မြစ်ရေကြီးမှုကြောင့်ဖြစ်သည့် ရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်နေရကာ  အခြားသော ရွှံ့ရေစီးကြောင်း တစ်ခုမှာ  တံတားတစ်စင်းထိပ်သို့ ရောက်ရှိနေသည်ကို တွေ့ရသည်။

ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုသည် ပူနွေးသည့်ဘက်သို့ ပြောင်းလဲလာသည့် ရာသီဥတု ပြောင်းလဲခြင်းကြောင့်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံသာမက အခြားသောနေရာများတွင်ပါ ထိုဖြစ်စဉ် ဖြစ်ပွားမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။