အနောက်အုပ်စုက ရုရှားအပေါ် ပိတ်ဆို့မှုများ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးကို ခြိမ်းခြောက်နေ

အနောက်အုပ်စုက ရုရှားအပေါ် ပိတ်ဆို့မှုများ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးကို ခြိမ်းခြောက်နေ

    အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများသည် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးကို ခြိမ်းခြောက်နေကြောင်း ရုရှားစိုက်ပျိုးရေး ဝန်ကြီးကပြောသည်။

အဆိုပါပိတ်ဆို့မှုများသည် ရုရှားနိုင်ငံရှိ ကောက်ပဲသီးနှံများ ရိတ်သိမ်းမှုကို အခက်အခဲ ဖြစ်စေပြီး ပြည်ပနိုင်ငံများ ရင်ဆိုင်နေရသော စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးဝါးစေကြောင်းနှင့် ရုရှားအစိုးရအနေဖြင့် ၎င်း၏ပို့ကုန် အစီအစဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း  စိုက်ပျိုးရေးဝန်ကြီး   ဒီမီထရီပတ်ထရူရှက်က  ပြောသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ နေရာဒေသအချို့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ အပါအဝင် ဆိုးဝါးသော ရာသီဥတုအခြေအနေများနှင့် လယ်ယာသုံး စက်ပစ္စည်းများအတွက် အပိုပစ္စည်းများ ရရှိနိုင်မှု ခက်ခဲနေသည့် အခြေအနေများကြောင့်  ယခုနှစ်ကောက်ပဲသီးနှံ အထွက်နှုန်းမှာ ယမန်နှစ်ကထက် သိသိသာသာလျော့ကျမည်ဖြစ်ကြောင်း ၎င်းက သြဂုတ် ၅ ရက်တွင်ပြောခြင်းဖြစ်သည်။

ထို့ကြောင့် ယခုနှစ်တွင်မျှော်မှန်းထားသော ဂျုံတန်ချိန်သန်း ၁၃၀ ထွက်ရှိရေး မဖြစ်နိုင်တော့ကြောင်း၊ သို့သော် ပြည်တွင်းဈေးကွက် အတွက် ပြည့်မီအောင် ဦးစားပေးဖြည့်တင်း သွားမည်ဖြစ်ကြောင်းနှင့် ထိုအချက်သည် ရုရှားနိုင်ငံအတွက် ပြဿနာမဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ အမေရိကန်နှင့် ဥရောပတွင်မိုးခေါင်ရေရှားခြင်း၊ သြစတြေးလျတွင် ရေကြီးခြင်းနှင့် အိန္ဒိယတွင် ရာသီဥတု ဆိုးဝါးခြင်းတို့ အပါအဝင် အကြောင်းအရာများစွာကြောင့် ယခုနှစ် ကမ္ဘာ့ဂျုံထွက်ရှိမှု ပမာဏမှာ သိသိသာသာ ကျဆင်းသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များကြောင့်လည်း  ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးကို ဘေးသင့်စေနိုင်ကြောင်း ဒီမီထရီပတ်ထရူရှက်က ပြောသည်ဟု သိရသည်။