တရုတ်က အရေးပါသော ကဏ္ဍရပ်များတွင် အမေရိကန်နှင့် ဆက်ဆံရေး ဖြတ်တောက်

 

တရုတ်က အရေးပါသော ကဏ္ဍရပ်များတွင် အမေရိကန်နှင့် ဆက်ဆံရေး ဖြတ်တောက်

တရုတ်က စစ်ဘက်နှင့် အရပ်ဘက်နယ်ပယ်များရှိ   ပူးပေါင်း ဆောင်ရွက်မှုအတွက် အရေးပါသော ကဏ္ဍများတွင် အမေရိကန်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်သည်။

ယခုသီတင်းပတ်အတွင်း တရုတ်(တိုင်ပေ)သို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ လာရောက်ပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်နှင့် ဆက်ဆံရေး ဖြတ်တောက်သည့် ကဏ္ဍများအလိုက် စာရင်းကိုလည်း ထုတ်ပြန်ထားသည်။

ထိုစာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အချင်းချင်း အလုပ်သဘော ဆွေးနွေးမှုများ၊ ပင်လယ်ရေကြောင်း လုံခြုံရေးတိုင်ပင်ဆွေးနွေးမှု၊ ခိုးဝင်သူများ အရေး ပူးပေါင်းဆောင်ရွက်မှု၊ တရားရေးဆိုင်ရာ အထောက်အပံ့ပေးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆောင်ရွက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့နှင့် သက်ဆိုင်သည့် နယ်ပယ် များပါဝင်သည်။ ထို့ပြင် ယခင်စီစဉ်ထားပြီး ဖြစ်သည့် တပ်မတော် ခေါင်းဆောင်များကြား တယ်လီဖုန်းဆက် ဆွေးနွေးမည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီနှင့် ၎င်း၏မိသားစုဝင်များအပေါ် ပုဂ္ဂိုလ်ရေးအရ အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

တရုတ်အစိုးရက တားမြစ်နေသည့်ကြားမှ နန်စီပီလိုဆီက တရုတ်(တိုင်ပေ)သို့ ရောက်ရှိလာခြင်းဖြစ်သည့်အတွက် တရုတ်ဘက်က တရုတ်(တိုင်ပေ)အပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိကာ ထိုလေ့ကျင့်ခန်းများသည် ထိုင်ဝမ်ကျွန်းကို  အပြည့်အဝ ပိတ်ဆို့နိုင်ရေးအတွက် အစမ်းလေ့ကျင့်ခြင်း ဖြစ်သည်ဟု တရုတ် အစိုးရသတင်းဌာနများက  ဖော်ပြထားကြောင်း သိရသည်။