မော်စကို-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကြောင့်  ရုရှားခရီးသွား တစ်သန်း ဝင်ရောက်ဖို့ မျှော်မှန်းထားတဲ့ထိုင်း

မော်စကို-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကြောင့်  ရုရှားခရီးသွား တစ်သန်း ဝင်ရောက်ဖို့ မျှော်မှန်းထားတဲ့ထိုင်း

ရုရှားနိုင်ငံရဲ့  အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ Aeroflot  က ဒီနှစ်ဆောင်းရာသီကနေစလို့ မော်စကို-ဖူးခက်တိုက်ရိုက် လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲ သွားတော့မှာဖြစ်ပါတယ်။

ဒီလိုလေကြောင်းခရီးစဉ် တိုက်ရိုက်ပြေးဆွဲမှုကို လပေါင်းများစွာကြာ ရပ်တန့်ထားခဲ့ရာမှ သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ပြန်လည်ပြေးဆွဲဖို့ လုပ်ဆောင်လာတာပါ။

၂၀၂၂ ခုနှစ်အတွင်း ဇူလိုင် ၂၆ ရက်အထိ ထိုင်းနိုင်ငံကို ရုရှားနိုင်ငံသားခရီးသွား ဝင်ရောက်မှုဟာ ၇၆၇၃၉ ဦးသာရှိပြီး အများစုက  ရုရှား-ယူကရိန်း ပဋိပက္ခမဖြစ်ခင်က  ဝင်ရောက်ထားကြသူတွေဖြစ်ပါတယ်။

အခုတော့ မော်စကို-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကိုပြန်လည်စတင်တော့မှာ ဖြစ်တဲ့အတွက် ဒီနှစ်အတွင်းမှာ ရုရှားခရီးသွား တစ်သန်းခန့်ကို    ထိုင်းနိုင်ငံကလက်ခံရရှိဖို့  မျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။

Aeroflot လေကြောင်းလိုင်းက မော်စကို-ဖူးခက် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို အောက်တိုဘာ ၃၀ ရက်ကနေစပြီး နေ့စဉ်ပျံသန်း ပြေးဆွဲပေးသွားမယ်လို့ အတည်ပြု ထုတ်ပြန်ထားကြောင်း ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌယူသာဆက်ဆူပါဆွန်းက ပြောပါတယ်။

Aeroflot အပါအဝင် ရုရှားလေကြောင်းလိုင်း အများအပြားက ဒီနှစ်အတွင်း မတည်ငြိမ်တဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် ဖူးခက်သို့လေကြောင်း ခရီးစဉ်ပျံသန်းပြေးဆွဲမှုကို   မတ်လကတည်းက ရပ်တန့်ထားခဲ့တာပါ။

“ထိုင်းနဲ့ရုရှားနိုင်ငံတို့ကြား  ခရီးသွား လုပ်ငန်းအေဂျင်စီတွေက ခရီးသွားလုပ်ငန်း အတွက်ဆွေးနွေးရာမှာ  သူတို့အနေနဲ့ ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်း အပေါ်ယုံကြည်မှုလည်း ရှိပါတယ်။  လာလည်းလာချင်ပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသော ပြဿနာက သွားလာနိုင်ရေးပါပဲ။ ဒီအတွက်လည်း Aeroflotသူတို့ရဲ့ခရီးစဉ်ကို စီစဉ်ထားတဲ့အတိုင်း  ပြန်လည် စတင်နိုင်မယ်ဆိုရင် တခြားလေကြောင်း လိုင်းတွေကလည်း သူတို့ရဲ့ပျံသန်း ပြေးဆွဲမှုတွေကို  သိပ်မကြာခင်မှာ  ပြန်လည် လုပ်ဆောင်လာနိုင်မှာပါ။

ဒါကြောင့် ဒီနှစ်ရဲ့စတုတ္ထသုံးလပတ်မှာ ထိုင်းနိုင်ငံအတွင်း  ခရီးသွား ဝင်ရောက်မှု မြန်ဆန်စွာ မြင့်တက်လာမယ်လို့ ကျွန်တော်တို့ အနေနဲ့ မျှော်မှန်းထားပါတယ်”လို့ ယူသာဆက်ဆူပါဆွန်းက ပြောပါတယ်။

Thai Airwaysနဲ့ Thai Air Asia Xတို့လိုမျိုး ထိုင်းနိုင်ငံရဲ့လေကြောင်းလိုင်းတွေကလည်း မော်စကို-ဖူးခက် လမ်းကြောင်း ကို ပျံသန်းပြေးဆွဲလိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လများ အတွင်းတုန်းက ဥရောပက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် လေယာဉ်ပြုပြင် ထိန်းသိမ်းမှုအတွက်  အပိုပစ္စည်းတွေကို မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် တချို့သော အခြေအနေတွေအတွက် အာမခံလည်း မပေးနိုင်တဲ့ အနေအထားဖြစ်ပွားခဲ့ပါတယ်။

အခုတော့ ဥရောပသမဂ္ဂက နိုင်ငံတကာ အရပ်ဘက်လေကြောင်းလိုင်း အတွက် နည်းပညာပိုင်းဆိုင်ရာ ကင်းလွတ်ခွင့်တွေကို ဇူလိုင် ၂၇ ရက်မှာ ကြေညာပေးလိုက်တာကြောင့် အရပ်ဘက်လေယာဉ်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းများကို  တင်သွင်းလို့ရသွားပါပြီ။ ဒီအတွက် သိပ်မကြာခင်အချိန်မှာ ထိုင်းနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

ထိုင်းနိုင်ငံက ဒီနှစ်ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၂၆ ရက်အထိ နိုင်ငံတကာ ခရီးသွား ၃ ဒသမ ၁၂ သန်းကိုသာ လက်ခံရရှိထားတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ဝင် ၁၆၀၀ ရှိတဲ့အနက် ၁၀ ရာခိုင်နှုန်းက သာသူတို့ရဲ့လုပ်ငန်းကိုပြန်လည်စတင်နိုင် သေးတာဖြစ်ပါတယ်။

သို့သော်လည်း သိပ်မကြာတော့တဲ့အချိန် အတွင်းမှာ ထိုင်းခရီးသွား လုပ်ငန်းအများအပြားက သူတို့ရဲ့လုပ်ငန်းတွေကို ပြန်လည် စတင်နိုင်တော့မှာဖြစ်တဲ့အပြင် ဟိုတယ်လုပ်ငန်း အများစုကလည်း ပိတ်ထားတာကြာနေပြီဖြစ်တဲ့ သူတို့ရဲ့ဟိုတယ်တွေကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့  ပြင်ဆင်မှုတွေ လုပ်နေတာကို တွေ့လာရပါတယ်။

Ref: Bangkok Post