အိန္ဒိယရေနံဈေးကွက်မှာ ပိုမိုနေရာရလာတဲ့ ရုရှားရေနံ

အိန္ဒိယရေနံဈေးကွက်မှာ ပိုမိုနေရာရလာတဲ့ ရုရှားရေနံ

ဒီကနေ့  အိန္ဒိယနိုင်ငံရဲ့ ရေနံဈေးကွက်မှာ ဈေးကွက်ဝေစုနဲ့ နေရာပိုရလာတာကတော့ ရုရှားရေနံပဲဖြစ်ပါတယ်။အရင်က အိန္ဒိယရေနံဈေးကွက်မှာ ဆော်ဒီအာရေဗျ ရေနံက နေရာယူထားတာပါ။

ဒါပေမဲ့ အိန္ဒိယက ဆော်ဒီအာရေဗျကနေ တင်သွင်းမှုကြောင့်  ကုန်ကျရတဲ့စရိတ်စကထက် ရုရှားဆီကနေလျှော့ဈေးနဲ့ ရနေတာက ပိုတန်တဲ့အတွက် ရုရှားရေနံကိုပိုမို တင်သွင်းလာတာဖြစ်ပါတယ်။

အခုဆိုရင် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံအတွက်  ဒုတိယမြောက် အကြီးဆုံးရေနံတင်ပို့ ရောင်းချသူဖြစ်လာပါပြီ။ ပထမနေရာမှာ ရှိနေသူက အီရတ်နိုင်ငံပါ။

ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် အနောက်အုပ်စုက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်သလို ဥရောပကလည်း သူ့ရဲ့စွမ်းအင်လိုအပ်မှုအတွက် ရုရှားအပေါ်မှီခိုနေရမှုကို လျှော့ချလာစဉ်မှာ အိန္ဒိယနဲ့ တရုတ်တို့က ရုရှားအတွက် အဓိက ရေနံဈေးကွက်ဖြစ်လာတာပါ။

ဥရောပသမဂ္ဂ အနေနဲ့ ရုရှားနိုင်ငံဆီကနေ ရေနံစိမ်းနဲ့ စက်သုံးဆီများ တင်သွင်းရမှု အားလုံးကို အခုနှစ်ကုန်မှာ ရပ်ဆိုင်းဖို့စီစဉ်ထားပါတယ်။

ဥရောပဘက်က ဒီလိုမျိုးစီစဉ်ထားမှုကို အကြိုက်ဆုံးကတော့ အိန္ဒိယနဲ့ တရုတ်ပါပဲ။ အဲဒီအာရှ အင်အားကြီးနှစ်နိုင်ငံက သူတို့နိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရုရှားဆီကနေ ပိုမိုရရှိလာမယ့်အတွက် ဖြစ်ပါတယ်။

ဇူလိုင်လအထိတရားဝင် စာရင်းဇယားတွေအရဆိုရင် အိန္ဒိယနဲ့တရုတ်နိုင်ငံတို့က ရုရှားရဲ့ရေလမ်းကြောင်းမှ ရေနံတင်ပို့မှု စုစုပေါင်းအနက် ၅၅ ရာခိုင်နှုန်းကို ရရှိနေတယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံဆိုတာ သူ့နိုင်ငံအတွက် လိုအပ်တဲ့စွမ်းအင် ၈၅ ရာခိုင်နှုန်းကို  ပြည်ပကနေ တင်သွင်းနေရတာပါ။ မနှစ်တုန်းက ရုရှားဟာ အိန္ဒိယနိုင်ငံအတွက် နဝမမြောက် ရေနံတင်ပို့ရောင်းချသူ အဖြစ်သာ ရှိနေရာမှ ဒီနှစ်မှာတော့ ဒုတိယနေရာ အထိရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။

မေလအတွင်းတုန်းက ရုရှားဟာ အိန္ဒိယ နိုင်ငံဆီကို ရေနံစိမ်းတစ်စည်လျှင် ဆော်ဒီအာရေဗျက ရောင်းချတဲ့ဈေးထက် ၁၉ ဒေါ်လာလျှော့ပြီး ရောင်းချခဲ့တာပါ။  ဇွန်လအတွင်းမှာတော့  ၁၃ ဒေါ်လာလျှော့ပြီး ရောင်းပေးခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျကတော့ သူ့ရဲ့ရေနံတွေကို အိန္ဒိယဈေးကွက်ဆီ မရောင်းရလို့  အရှုံးတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဥရောပသမဂ္ဂက ရုရှားဆီကအစား ဆော်ဒီအာရေဗျဆီကနေ ရေနံတွေ တင်သွင်းလာမှာဖြစ်တဲ့ အတွက်ပါပဲ။

Ref: Oil Price