ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး    

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး    

နေပြည်တော်  သြဂုတ်  ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ   ဒေါက်တာမောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊   နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ   နေပြည်တော်ကောင်စီ   ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ဆောင်ရွက်လျက် ရှိသည့်  ခြင်ကျားနှင့်  ပိုးလောက်လမ်း နှိမ်နင်းရေး ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍   လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့်  ဝန်ထမ်းအိမ်ရာများရှိ  ဝန်ထမ်းများနှင့် မိသားစုဝင်များ ကိုယ်တိုင်ပါဝင်၍ ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး  ကျန်းမာရေး အသိပညာပေးခြင်းများ  ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက်  မှာကြားသည်။

ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ   ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာ ၂၁၇၅ လုံးတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေး၊   သွေးလွန်တုပ်ကွေး ရောဂါကြောင့်  နာမကျန်းဖြစ်ပွားမှုနှင့် သေဆုံးမှုမရှိစေရေးနှင့် ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်၍ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် အဘိတ်ဆေးခတ်အဖွဲ့ ၅၀၊  ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အင်းဆက်ပိုးမွှားများ နှိမ်နင်းရေးအတွက် ခြင်ဆေးမှုတ်အဖွဲ့ ၁၀ ဖွဲ့တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ရေသိုလှောင်ရာ နေရာများကို ခြင်၊ လောက်လမ်းသေဆေး (Abate)ခတ်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဗွီနိုင်းများအား   လိုက်လံကပ်ပေး၍ ဝန်ထမ်းများနှင့်   မိသားစုဝင်များ   ကိုယ်တိုင် ဆက်လက်၍ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ    ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာဝန်ထမ်းအိမ်ရာ နေထိုင်သူ များပူးပေါင်း၍   ခြင်ခိုအောင်းနိုင်သည့် ပတ်ဝန်းကျင်ရှိ  ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေတင်ကျန်ရှိသည့် တာယာဟောင်းများကို  စနစ်တကျ စွန့်ပစ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှုပ်၊ ရှင်း၊ မှုတ် စသည့် ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊  ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊  တပ်မတော် ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေး တပ်နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်  အင်းဆက်ပိုးမွှားများ နှိမ်နင်းရေးအတွက်  ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားကောင် များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့(ဗဟိုရပကန) မှလည်း ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်း ပေါက်ပွားမှု ဆန်းစစ်နိုင်ရေး အတွက်  အိမ်ရာများအလိုက်  ပိုးလောက်လမ်းတွေ့ရှိမှု၊ အိမ်ခန်းများအလိုက် ပိုးလောက်လမ်း တွေ့ရှိမှုနှင့် အိမ်ရာများရှိ အိုး/ခွက်များ၊ ကားတာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများတွင် ပိုးလောက်လမ်း တွေ့ရှိမှုကို စစ်တမ်းကောက်ယူလျက်ရှိပြီး ပိုးလောက်လမ်း တွေ့ရှိမှုများပြားသည့် အိမ်ရာများတွင် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ယခု   ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေးဆောင်ရွက်မှု စီမံချက်တွင် ပါဝင်ခြင်း မရှိသေးသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  အခြားနေရာများတွင်လည်း အထက်ဖော်ပြပါ ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။