တရုတ်စစ်ဘက်က ပင်တဂွန်စစ်ဌာနချုပ်၏ ဖုန်းခေါ်ဆိုမှုများကို လက်ခံပြန်ဖြေခြင်း မပြု

တရုတ်စစ်ဘက်က ပင်တဂွန်စစ်ဌာနချုပ်၏ ဖုန်းခေါ်ဆိုမှုများကို လက်ခံပြန်ဖြေခြင်း မပြု

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ ထိုင်ဝမ်ကျွန်းခရီးစဉ် ပြီးနောက် ထိုကျွန်းတစ်ဝိုက်တွင် စစ်ရေး လေ့ကျင့်ခန်းကြီး လုပ်နေသည့်  တရုတ်စစ်ဘက်မှ ထိပ်တန်း တာဝန်ရှိသူများက အမေရိကန်   ပင်တဂွန်စစ်ဌာနချုပ်မှ ထိပ်တန်းတာဝန်ရှိသူများ၏ ဖုန်းခေါ်ဆိုမှုများကို လက်ခံပြန်ဖြေခြင်း မပြုကြောင်း Politico သတင်းဌာနက   ဖော်ပြထားသည်။

တရုတ်စစ်ဘက်သို့ ဖုန်းခေါ်ဆိုသူများမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာမိုင်လေးတို့ဖြစ်ပြီး တရုတ်စစ်ဘက်က  ဖုန်းလက်ခံပြန်ဖြေခြင်း မပြုကြောင်း ထိုကိစ္စနှင့် ပတ်သက်သိရှိထားသူ သုံးဦးကပြောသည်။

တရုတ်နိုင်ငံက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ထိုင်ဝမ်ကျွန်း ခရီးစဉ်နှင့် ပတ်သက်၍  အမေရိကန်နိုင်ငံနှင့် စစ်ဘက်နှင့်အရပ်ဘက်  နယ်ပယ်များရှိ ဆက်ဆံရေး အများအပြားကို ဖြတ်တောက်ကြောင်း သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ဆက်ဆံရေး ဖြတ်တောက်မှုအရ အမေရိကန်နှင့် စစ်နယ်ဝန်း တပ်မှူးများ အဆင့်ဆက်ဆံရေးနှင့်  အခြားသော ကာကွယ်ရေးမူဝါဒ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတို့ကို လုပ်ဆောင်မည်မဟုတ်ကြောင်း   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်စစ်ဘက်သည် နန်စီပီလိုဆီ၏ တစ်ထောက်နား ခရီးစဉ်ပြီးနောက် သြဂုတ် ၄ ရက်မှစ၍ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည် နေရာခြောက်ခုတွင် ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေး လေ့ကျင့်ခန်းကြီး လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်ခန်းသည် ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့မှုအပါအဝင်  ကုန်း၊ ရေ နှစ်သွယ် တိုက်ခိုက်မှုများနှင့် မြေပြင်ပစ်မှတ်များကို တိုက်ခိုက်မှုများ ပါဝင်သည့် သဏ္ဌာန်တူ လေ့ကျင့်ခန်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက အတိအလင်း ထုတ်ပြန်ထားသည်။