အစ္စရေးက ဂါဇာစစ်ဆင်ရေးကို အရှိန်တိုးမြှင့် ဆက်လုပ်မည်

အစ္စရေးက ဂါဇာစစ်ဆင်ရေးကို အရှိန်တိုးမြှင့် ဆက်လုပ်မည်

   အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ စစ်ဆင်ရေးကို အရှိန်တိုးမြှင့် ဆက်လုပ်သွားမည် ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်က သြဂုတ် ၆ ရက်တွင်ပြောသည်။

အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ်မစ် ဂျီဟတ်စစ်သွေးကြွ အဖွဲ့အပေါ် သြဂုတ် ၅ ရက်မှစ၍ စစ်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခုအခါ စစ်ဆင်ရေး ဒုတိယရက်အဖြစ် အစ္စရေး တိုက်လေယာဉ်များက ဂါဇာကမ်းမြောင်ဒေသရှိ ပစ်မှတ်များကို ဝင်ရောက်ပစ်ခတ်သကဲ့သို့ ပါလက်စတိုင်းတို့ကလည်း အစ္စရေးဘက်သို့ ဒုံးများဖြင့် ပြန်လည်ပစ်ခတ်လျက်ရှိသည်။

အစ္စရေးတို့၏ စစ်ဆင်ရေးစတင်လျှင် စတင်ခြင်း ဂါဇာမြို့ရှိ အထပ်မြင့်တိုက် တစ်လုံးပေါ်တွင်နေသော အကြမ်းဖက် အဖွဲ့၏ အကြီးတန်းခေါင်းဆောင်များ အနက် တစ်ဦးကို ချေမှုန်းခံလိုက်ရသည်။

သြဂုတ် ၆ ရက်တွင်မူ အစ္စရေးဘက်သို့ ဒုံးများပစ်ခတ်ရန် ပြင်ဆင်နေသည့် အစ္စလာမ်မစ်ဂျီဟတ် စစ်သွေးကြွများကို ချေမှုန်းနိုင်သည့်အပြင် နောက်ထပ်နေအိမ် သုံးလုံးကိုလည်း ဗုံးကြဲလိုက်နိုင်ကြောင်း အစ္စရေး စစ်ဘက်က ထုတ်ပြန်ထားသည်။

ပါလက်စတိုင်းဘက်မှ စစ်သွေးကြွများကမူ နယ်စပ်တစ်လျှောက်တွင် အနည်းဆုံး ဒုံးကျည်အလုံး ၁၆၀ ကို  ပစ်လွှတ်သည့် အတွက် အစ္စရေးပြည်သူများမှာ ဂျေရုဆလင်နှင့် တဲအဗစ်မြို့ကြား မိုဒင်းမြို့ရှိဗုံးခိုကျင်းများထဲသို့ ဝင်ရောက် ခိုအောင်းရသည်။

စစ်သွေးကြွများဘက်က ပစ်ခတ်လိုက်သည့် ဒုံးအများအပြားကို အစ္စရေးဘက်က ကြားဖြတ်  ပစ်ချလိုက်နိုင်သည့်အတွက် ယခုအချိန်အထိ ထိခိုက်ဒဏ်ရာ ရရှိသူမရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။အဆိုပါ အစ္စရေး-ဂါဇာ စစ်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ၊   အီဂျစ်နှင့်  ကာတာတို့က ဝင်ရောက်ဖျန်ဖြေမှုများ လုပ်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။