နန်စီပီလိုဆီ၏ ပြောဆိုမှုက ကိုရီးယားကျွန်းဆွယ်ပေါ် တင်းမာမှု မြင့်တက်လာစေသည်ဟု ပြောဆိုလိုက်သည့် မြောက်ကိုရီးယား

နန်စီပီလိုဆီ၏ ပြောဆိုမှုက ကိုရီးယားကျွန်းဆွယ်ပေါ် တင်းမာမှု မြင့်တက်လာစေသည်ဟု ပြောဆိုလိုက်သည့် မြောက်ကိုရီးယား

    အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ ပြောဆိုမှုသည်  ကိုရီးယားကျွန်းဆွယ်ပေါ် တင်းမာမှုများ   မြင့်တက်လာစေရန် ဖန်တီးသည့် အမေရိကန်အစိုးရ၏  စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရက တုံ့ပြန်ပြောကြားလိုက်သည်။

အမေရိကန်နှင့်  တောင်ကိုရီးယားတို့ အနေဖြင့်  မြောက်ကိုရီးယားအား  နျူကလီးယား ကင်းစင်စေရေး  လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်ဟု နန်စီပီလိုဆီက တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိပြီး တောင်ကိုရီးယား အမျိုးသား ညီလာခံဥက္ကဋ္ဌ  ကင်ဂျင်ဖြိုးနှင့်တွေ့ဆုံစဉ် ပြောကြားပြီးနောက် မြောက်ကိုရီးယား၏ တုံ့ပြန်ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင် နန်စီပီလိုဆီသည် မြောက်ကိုရီးယား အပေါ်ထားရှိသည့် အမေရိကန်အစိုးရ၏ ရန်လိုသည့်မူဝါဒကို မှန်ကန်သည်ဟု အကြောင်းပြနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း  မြောက်ကိုရီးယား နိုင်ငံက ဆက်လက် တုံ့ပြန်ထားသည်။

ထို့ပြင် မြောက်ကိုရီးယားအစိုးရသည် တရုတ်(တိုင်ပေ)သို့   နန်စီပီလိုဆီသွားရောက် လည်ပတ်သည့် ခရီးစဉ်နှင့် စပ်လျဉ်း၍လည်း ဝေဖန်ပြောကြားထားသည်။

နန်စီပီလိုဆီသည် နိုင်ငံတကာငြိမ်းချမ်းမှုနှင့် တည်ငြိမ်ရေးကို ဖျက်ဆီးခဲ့သည့် အဆိုးရွားဆုံးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ခိုင်းနှိုင်းခဲ့သည့်အပြင် အဆိုပါတရုတ်(တိုင်ပေ)ခရီးစဉ်သည် တရုတ်ပြည်သူများအား ဒေါသထွက်စေခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ   သတင်းပြန်ကြားရေးနှင့် စာနယ်ဇင်းဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုယုံဆမ်၏ ပြောဆိုချက်ကို ကိုးကား၍ KCNA သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

ထို့ပြင်   နန်စီပီလိုဆီအား   တရုတ်(တိုင်ပေ)သို့ စေလွှတ်ခဲ့ခြင်းသည် အမေရိကန် အစိုးရက တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ရှုမြင်နေသည်။ထို့ပြင် အဆိုပါခရီးစဉ်သည် အချုပ်အခြာ အာဏာကို ထိပါးစော်ကားခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏  နယ်မြေပေါင်းစည်းမှုကို ဖျက်ဆီးခြင်းဖြစ်သည်ဟု   မြောက်ကိုရီးယားအစိုးရအဖွဲ့မှ အမည်မဖော်ပြထားသည့် အရာရှိတစ်ဦးက ဆိုသည်။ 

နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ်သည် တရုတ်နှင့် အမေရိကန်တို့ကြား တင်းမာမှုများကို ဖြစ်ပွားစေခဲ့သည့်အပြင် ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေးကိုပါ များစွာ ထိခိုက်စေခဲ့သည်။ ထိုသို့တင်းမာမှု မြင့်တက်နေစဉ်အတွင်း မြောက်ကိုရီးယားက တရုတ်နိုင်ငံအား အပြည့်အဝ ထောက်ခံထားခြင်းဖြစ်သည်။

နန်စီပီလိုဆီသည် တောင်ကိုရီးယား နိုင်ငံသို့သွားရောက်စဉ် မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး    ပြောကြားခဲ့မှုနှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်မည့် အလားအလာရှိနေသည်။    ထို့ကြောင့် အမေရိကန်  အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပီလိုဆီ၏ ခရီးစဉ်များသည်  ဒေသတွင်း  နိုင်ငံတချို့၏ တုံ့ပြန်မှုကို ထွက်ပေါ်လာစေခဲ့သည်။              

Ref: ST