အိန္ဒိယ၏ အကြီးဆုံး ကားကုမ္ပဏီက တစ်မိနစ်အတွင်း ကားအစီးရေ ၂၅၀၀၀ ရောင်းချရ

အိန္ဒိယ၏ အကြီးဆုံး ကားကုမ္ပဏီက တစ်မိနစ်အတွင်း ကားအစီးရေ ၂၅၀၀၀ ရောင်းချရ

    အိန္ဒိယနိုင်ငံရှိ မော်တော်ကား ထုတ်လုပ်ရေး အကြီးဆုံးကုမ္ပဏီဖြစ်သော Mahindra  & Mahindra  ကုမ္ပဏီက ၎င်းတို့ ကုမ္ပဏီထုတ် SUV  အမျိုးအစား မော်တော်ကား အစီးရေ ၂၅၀၀၀ ကို တစ်မိနစ်အတွင်း ရောင်းချလိုက်ရကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည်   Scorpio-N အမည်ရှိ  SUV  ကားအမျိုးအစားကို ပြီးခဲ့သည့် သီတင်းပတ်တွင်   ၎င်းတို့၏ ဝက်ဆိုက်မှတစ်ဆင့်   ရောင်းချကြောင်း ကြေညာပြီး နာရီဝက်အတွင်းမှာပင် ကားအစီးရေ တစ်သိန်းကို ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မော်တော်ကား ဝယ်ယူသူများအနေဖြင့် ကနဦးစရန်ငွေအဖြစ် ရူပီး ၁၈၀၀၀ (အမေရိကန်ဒေါ်လာ ၂၂၇ ဒေါ်လာ) ပေးရသောကြောင့် နာရီဝက်အတွင်း ဒေါ်လာ ၂၂ဒသမ ၇ သန်းရရှိခဲ့ကြောင်း ကုမ္ပဏီက အတည်ပြု ထုတ်ပြန်ထားသည်။

Scorpio-N သည်   Mahindra  & Mahindra ကုမ္ပဏီထုတ် Scorpio အမည်ရှိ SUV အမျိုးအစားအတွက် နောက်ဆုံး ဗားရှင်းဖြစ်ကာ SUV အပေါင်း၏ ဖခင်ကြီးဟုပင် တင်စားခေါ်ဝေါ်ခံရပြီး ခေတ်မီပုံစံနှင့်နောက်ဆုံးပေါ် နည်းပညာများ ပါဝင်သည်။

အဆိုပါမော်တော်ကားကို ပြီးခဲ့သည့်နှစ် မေလတွင် စတင်ကြေညာခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်ဇွန်လမှ တရားဝင်ပွဲထုတ် မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်သီတင်းပတ်ကမှ စတင်ရောင်းချခြင်းဖြစ်သည်။

မော်တော်ကား၏ ဈေးနှုန်းမှာ ပါဝင်ပစ္စည်းများအပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၁၅၁၇၈  ဒေါ်လာမှ ၂၄၆၇၂ ဒေါ်လာကြားရှိကာ ကနဦး မှာယူသူများ အတွက်သာ ဈေးလျှော့ပေးထားခြင်း ဖြစ်သည့်အတွက် အလုအယက် ဝယ်ယူကြခြင်း ဖြစ်ပြီး နောက်တစ်သုတ်မှစ၍ ဈေးတက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။

ယခုမှာယူထားသည့်   မော်တော်ကား ပထမအသုတ်ကို စက်တင်ဘာ ၂၆ ရက်တွင် စတင်ပေးအပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလကုန်အထိ နောက်ထပ်အစီးရေ ၂၀၀၀၀ ကျော်  ထပ်မံ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။