စားသောက်ကုန်များ တင်ဆောင်လာသည့် နောက်ထပ် ကုန်တင်သင်္ဘော လေးစင်း ယူကရိန်းမှ ထွက်ခွာ

စားသောက်ကုန်များ တင်ဆောင်လာသည့် နောက်ထပ် ကုန်တင်သင်္ဘော လေးစင်း ယူကရိန်းမှ ထွက်ခွာ

စားသောက်ကုန်များ တင်ဆောင်လာသည့် နောက်ထပ်ကုန်တင် သင်္ဘောလေးစင်းသည် ယူကရိန်းနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမှ ထွက်ခွာလာကြောင်းနှင့်  ထိုသင်္ဘောများ ထွက်ခွာခြင်းသည် နိုင်ငံ၏ ရေလမ်းကြောင်းမှ ကုန်ပစ္စည်းများ တင်ပို့မှုကို မပိတ်ဆို့ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယူကရိန်းနှင့် တူရကီ တာဝန်ရှိသူများက ပြောသည်။

သြဂုတ် ၇ ရက်တွင် ထွက်ခွာသွားသည့် ကုန်တင်သင်္ဘောလေးစင်း၌ ပြောင်းတန်ချိန် ၁၇၀၀၀၀ နီးပါးနှင့် အခြား စားသောက်ကုန်များ ပါဝင်ကြောင်း ယူကရိန်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါ ကောက်ပဲသီးနှံနှင့် စားသောက်ကုန်များ တင်ပို့ခြင်း လုပ်ငန်းစဉ်ကို  ရုရှား၊ ယူကရိန်း၊ တူရကီနှင့် ကုလသမဂ္ဂမှ တာဝန်ရှိသူများ ပါဝင်သည့် အစ္စတန်ဘူမြို့ရှိ ပူးတွဲပူးပေါင်း ဆောင်ရွက်ရေးဌာနက ကြီးကြပ်ကွပ်ကဲနေခြင်းဖြစ်သည်။

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ယူကရိန်းမှ ကောက်ပဲသီးနှံများ  တင်ပို့မှု ရပ်ဆိုင်းသွားသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပွားလာသည့်အတွက် ကမ္ဘာ့နေရာအချို့တွင် အငတ်ဘေးဆိုက်နိုင်ကြောင်း  ကုလသမဂ္ဂက သတိပေးပြီးနောက် ပြီးခဲ့သည့်လတွင် ကုလသမဂ္ဂနှင့် တူရကီတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယခုကဲ့သို့ ကောက်ပဲသီးနှံများ ပြန်လည်တင်ပို့နိုင်ခြင်းဖြစ်သည်။

ယခုထွက်ခွာလာသည့် ကုန်တင်သင်္ဘော လေးစင်းအနက်  နှစ်စင်းက  တူရကီသို့ ဦးတည်ပြီး နောက်ထပ်နှစ်စင်းက တရုတ်နှင့် အီတလီသို့ ဦးတည်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။