အစ္စရေးနှင့် ပါလက်စတိုင်းတို့ အပစ်အခတ် ရပ်စဲရေး သဘောတူ

အစ္စရေးနှင့် ပါလက်စတိုင်းတို့ အပစ်အခတ် ရပ်စဲရေး သဘောတူ

အစ္စရေးနှင့် ပါလက်စတိုင်းတို့က လက်ရှိဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ အတွက် အီဂျစ်နိုင်ငံက အဆိုပြုသော အပစ်အခတ် ရပ်စဲရေးကို သြဂုတ် ၇ ရက် ညနေပိုင်းတွင် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် ည ၈ နာရီတွင်စတင်ကြောင်း အီဂျစ်လုံခြုံရေး သတင်းအရင်းအမြစ်များက ပြောသည်။

အစ္စရေးနှင့်  ပါလက်စတိုင်းတို့သည် သြဂုတ် ၅ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသ၌ အပြန်အလှန်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်းတို့ဘက်က ၃၁ ဦးသေဆုံးပြီး ၂၇၅ ဦး ဒဏ်ရာရရှိထားကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားသော ၁၁ ရက်ကြာ စစ်ပွဲပြီးနောက် အဆိုးဆုံးသော တိုက်ခိုက်မှုဖြစ်ပြီး ပါလက်စတိုင်းဘက်ရှိ   လူနေအိမ် အများအပြား ပြိုကျပျက်စီးသွားသည်။

အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းရှိ စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ပိုင်းများကို သုတ်သင်နိုင်ခဲ့ကြောင်းနှင့် လိုအပ်နေသမျှ ကာလပတ်လုံး ယခုကဲ့သို့ စစ်ဆင်ရေးကို  ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်က ပြောထားသည်။