တရုတ်၏စစ်ရေးလေ့ကျင့်မှုက ကိုယ့်ရေပိုင်နက်အတွင်း ကိုယ်လုပ်ဆောင်ခြင်းဖြစ်

တရုတ်၏စစ်ရေးလေ့ကျင့်မှုက ကိုယ့်ရေပိုင်နက်အတွင်း ကိုယ်လုပ်ဆောင်ခြင်းဖြစ်

    တရုတ်(တိုင်ပေ)သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုက ကိုယ့်ရေပိုင်နက်အတွင်း   ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင်  အဆိုပါစစ်ရေး လေ့ကျင့်မှုများသည်  နိုင်ငံနှင့်နိုင်ငံတကာ ဥပဒေတို့နှင့် အညီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာဥပဒေများကို လိုက်နာခြင်းရှိ၊  မရှိနှင့် အရပ်ဘက်သင်္ဘောများ၊ လေယာဉ်များအတွက် သတိပေးချက် အသစ်များကို ထပ်မံထုတ်ပြန်သွားမည့် အခြေအနေရှိ၊ မရှိတို့နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းစဉ်  ဝမ်ဝန်ဘင်းက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

တရုတ်တပ်မတော်က  ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်၌   နောက်ထပ်စစ်ရေး လေ့ကျင့်မှုကို   သြဂုတ် ၈ ရက်မှစ၍ ထပ်မံလုပ်ဆောင်ကြောင်း  ကြေညာထားသည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီက တရုတ်အစိုးရ၏ အကြိမ်ကြိမ် သတိပေးမှုများကို   လျစ်လျူရှုကာ တရုတ်(တိုင်ပေ)သို့  ခရီးတစ်ထောက်နား ဝင်ရောက်ပြီးနောက် တရုတ်တပ်မတော်က သြဂုတ် ၄ ရက်မှ ၇ ရက်အထိ မကြုံစဖူးထူးခြားသည့်  စစ်ရေးလေ့ကျင့်မှုကြီးကို လုပ်ဆောင်ထားခြင်းဖြစ်သည်။

တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကို ၎င်းတို့၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် နန်စီပီလိုဆီ၏ ခရီးစဉ်က ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးမှ ခွဲထုတ်လိုသူများအတွက် အချက်ပြမှုအဖြစ် တရုတ်ဘက်က  သတ်မှတ်ထားကြောင်း သိရသည်။