ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  သြဂုတ်  ၈

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၇-၈-၂၀၂၂ ရက် ည ၈ နာရီမှ ၈-၈-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆၃၀၄ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၅၈၂၄၁၄ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၄၂၁၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၀ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၀၁၈ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့်  ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။