ဘယ်လို တိရစ္ဆာန်တွေက လိင်နှစ်မျိုးပိုင်ဆိုင်ပြီး လိင်အမျိုးအစားကို ပြောင်းလဲနိုင်တာလဲ

ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲမှု သီအိုရီအရဆိုရင် သားရဲတွေဟာ သူတို့ရဲ့ကမ္ဘာမှာ အသက်ရှင် သန်ရပ်တည်နိုင်ဖို့နဲ့ အောင်မြင်စွာ မျိုးပွားနိုင်ဖို့အတွက် ဇီဝရုပ်တွေကို ပတ်ဝန်းကျင် အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိစွာ ပြောင်းလဲရလေ့ရှိတယ်လို့ ဆိုပါတယ်။

အမဲလိုက်ဖို့နဲ့ ထွက်ပြေးဖို့အတွက် ပုံဖျက်ဖုံးကွယ်မှုကို အသုံးပြုတဲ့ တောရိုင်းတိရစ္ဆာန်များမှသည် သစ်ပင်တွေမှာထက် အဆောက်အအုံတွေမှာ အသိုက်ဖွဲ့ရတဲ့ မြို့ပေါ်ရှိငှက်တွေအထိ သူတို့အားလုံးရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုက အရေးပါ ပါတယ်။

ဒီလိုဆင့်ကဲပြောင်းလဲမှုမှာမှ ရှားရှားပါးပါးအနေနဲ့ အထီးလိင်ကော၊ အမလိင်ကောနှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားတဲ့ တိရစ္ဆာန်တွေလည်း ရှိပါသေးတယ်။ တချို့တိရစ္ဆာန်တွေဆိုရင် မျိုးပွားဖို့အတွက် သူတို့ရဲ့လိင်အင်္ဂါတွေကိုတောင်မှ ပြောင်းလဲနိုင်စွမ်း ရှိတာတွေ့ရပါတယ်။ အဲဒီတိရစ္ဆာန်တွေထဲကမှ တချို့ကို ထုတ်နုတ်ဖော်ပြလိုပါတယ်။

ဖားများ

သုတေသီတွေဟာ ဆင်ခြေဖုံးဒေသမှာရှိတဲ့ ညစ်ညမ်းမှုရှိရာ ရေကန်တွေထဲမှာနေတဲ့ ဖားတွေကို လေ့လာရာမှာ ထူးခြားလှတဲ့ တိရစ္ဆာန်တွေရဲ့ သဘာဝတစ်ခုကို တွေ့ရှိလိုက်ရပါတယ်။ အဲဒါကတော့ သုတေသနပြုရာမှာ ပါဝင်တဲ့ ဖားအထီးအများအပြားဟာ သူတို့ရဲ့လိင်အင်္ဂါတွေကို ပြောင်းလဲနိုင်ခြင်း ပါပဲ။ ဒီလိုပြောင်းလဲနိုင်ခြင်းဟာ ပိုးသတ်ဆေးမှာပါတဲ့ အထရာဇင်းလို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုး ကြောင့်ဖြစ်ပါတယ်။

ဒီလိုဓာတုပစ္စည်းတွေက ရေကန်တွေ၊ မြစ်ချောင်းတွေထဲ ပျော်ဝင်သွားတဲ့အခါ ဖားအထီးရဲ့လိင်အင်္ဂါ ဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်းကို မထွက်ရှိစေတော့ဘဲ အီစထရိုဂျင်လို့ခေါ်တဲ့ အမလိင်အင်္ဂါ ဟော်မုန်းတွေသာ တိုးမြင့်ထွက်ပေါ်လာတာကြောင့် ဖားတွေဟာလိင်ပြောင်းသွားရတာဖြစ်ပါတယ်။

မြွေများ

မြွေအများစုကတော့ မိတ်လိုက်ခြင်းမှ တစ်ဆင့်သာ မျိုးပွားမှုကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ မြွေအမျိုးအစားအပေါ်မူတည်ပြီး တချို့က ဥဥတာ၊ တချို့က အကောင်လိုက်မွေးတာမျိုးနဲ့ မျိုးပွားခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ တချို့မြွေတွေကတော့ မိတ်လိုက်စရာမလိုဘဲ မျိုးပွားမှုကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီ ဖြစ်စဉ်ဖြစ်ပေါ်ပုံကတော့ သူတို့ကိုယ်တိုင်မျိုးစပ်ပြီး သူတို့ကိုယ်တိုင် ဥဥကာ မျိုးပွားခြင်းဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သဘာဝသမိုင်းပြတိုက်ရဲ့ အဆိုအရတော့ ကမ္ဘာ့အသေးဆုံး မြွေမျိုးဖြစ်တဲ့ ဘရာမင်နီ မျက်ကန်းမြွေလိုမျိုး မြွေမျိုးစိတ်တချို့ဟာ မြွေသားပေါက်အမတွေကို မွေးဖွားနိုင်စွမ်းရှိ တယ်လို့ သိရပါတယ်။

လိပ်ပြာများ

လိပ်ပြာတိုင်းကတော့ လိင်ပြောင်းလဲနိုင်တာ မဟုတ်ပါဘူး။ ဂိုင်နန်ဒရိုမော့လို့ခေါ်တဲ့ လိပ်ပြာလိုမျိုး လိပ်ပြာမျိုးစိတ်တချို့ကတော့ လိင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ တစ်နည်းပြောရရင် ဒီလိုလိပ်ပြာမျိုး တွေမှာ အထီးလိင်အင်္ဂါနဲ့ အမလိင်အင်္ဂါနှစ်ခုစလုံး ပါလာတာဖြစ်ပါတယ်။ ဒီလိုလိပ်ပြာမျိုးတွေကို ဘယ်လိုခွဲခြားနိုင်လဲဆိုရင် သူတို့ရဲ့အတောင်ပံကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။

သူတို့ရဲ့အတောင်ပံဟာ မတူကွဲပြားတဲ့ရောင်စုံ အတောင်ပံလေးတွေဖြစ်ပြီး အထီးဒီအန်အေနဲ့ အမဒီအန်အေတို့ကို အကောင်းဆုံး ပေါင်းစပ်ထားမှု ပုံစံဖြစ်ပါတယ်။

သန္တာကောင်များ

သန္တာကောင်လေးတွေကို တချို့က အပင်မျိုးစိတ်အနေနဲ့ မှားယွင်းတတ်လေ့ရှိပါတယ်။ တကယ် တမ်းတော့သန္တာကောင်လေးတွေဟာ တိရစ္ဆာန်မျိုးစိတ် တစ်မျိုးဖြစ်ပြီး အလွန်သေးငယ်တဲ့ ပင်လယ် ကျောက်ခက်ကောင်လေးတွေနဲ့ ဖွဲ့စည်းဖြစ်တည်နေတာ ဖြစ်ပါတယ်။

သူတို့မှာလည်း မျိုးစိတ်အပေါ်လိုက်ပြီး လိင်အင်္ဂါပြောင်းလဲမှု ရှိပါတယ်။ ကြယ်ပုံစံသန္တာကောင်လေး တွေလို မျိုးစိတ်ကတော့ အထီးလိင်ကော၊ အမလိင်ကောပါဝင်ပါတယ်။ မှိုပွင့်ပုံစံသန္တာကောင်လေးတွေ လိုမျိုး သန္တာကောင်မျိုးစိတ်တွေကတော့ နှစ်သက်ရာလိင်အင်္ဂါပုံစံကို ထပ်တလဲလဲ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ သူတို့ရဲ့ သဘာဝဖြစ်စဉ်ကတော့ အလွန်ဆန်းကြယ်ပေမယ့်လည်း သူတို့အကြောင်းကို နား လည်ဖို့ နောက်ထပ်သုတေသနေတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။

ငါးများ

နောက်ထပ် လိင်ပြောင်းလဲနိုင်တဲ့၊ လိင်အင်္ဂါနှစ်မျိုးစလုံးပိုင်ဆိုင်တဲ့ တိရစ္ဆာန်မျိုးစိတ်တစ်မျိုးကတော့ ငါးတွေပဲ ဖြစ်ပါတယ်။ ကကတစ်လိုမျိုး ငါးတချို့ဟာ သူတို့ရဲ့မျိုးဥကို အထီးလိင်အင်္ဂါထဲထည့်ပြီး မျိုးပွားနိုင်သလို ဟော့ငါးတွေကတော့ သူတို့ရဲ့လိင်အင်္ဂါတွေကို လိုသလိုပြောင်းလဲ နိုင်စွမ်းရှိပါတယ်။

နီမိုကိုရှာဖွေခြင်းဆိုတဲ့ ကာတွန်းကားလေးထဲက အဓိကဇာတ်ဆောင်နီမိုဆိုတဲ့ ကလောင်းငါးလေး တွေဆိုရင် မွေးလာတုန်းက အထီးအဖြစ်သာ မွေးလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လိုအပ်တဲ့ အချိန်မှာအမအဖြစ် ပြောင်းလဲကာ ဥတွေကိုဥတာ ဖြစ်ပါတယ်။ တချို့ငါးတွေကတော့ သူတို့ သဘာဝအလျောက် လိင်အင်္ဂါပြောင်းလဲ သွားတယ်ဆိုပေမယ့် တချို့ငါးမျိုးစိတ်တွေကတော့ ဆိုးဝါးလှ တဲ့သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှာရှိတဲ့ ကကတစ်ငါးအထီး ၇ဝ ရာခိုင်နှုန်းကနေ ၉ဝ ရာခိုင်နှုန်းအတွင်းဟာ ပိုးသတ်ဆေးများနဲ့ သန္ဓေတားဆေးများမှ ထွက်လာတဲ့ ဆေးဝါးဒြပ်ပေါင်းတွေကြောင့် လိင်ပြောင်း လဲသွားရတာ ဖြစ်ပါတယ်။