လန်ဒန်မြို့၌ ပိုလီယိုဗိုင်းရပ် ပြန်လည်ပျံ့နှံ့နေ

လန်ဒန်မြို့၌ ပိုလီယိုဗိုင်းရပ် ပြန်လည်ပျံ့နှံ့နေ

ဗြိတိန်နိုင်ငံလန်ဒန်မြို့၌ ၁၉၈၀ ပြည့်နှစ်အလွန်ကာလများမှစ၍ ပထမဆုံး အနေဖြင့် ပိုလီယိုဗိုင်းရပ် ပြန်လည်ပျံ့နှံ့နေကြောင်းနှင့် အစိုးရကအသက် ၁၀ နှစ်အောက် ကလေးငယ်များကို  ပိုလီယိုရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးပေးမှုကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ယခုနှစ်အတွင်း လန်ဒန်မြို့ရှိ မိလ္လာနမူနာ ၁၉ ခုမှ ပိုလီယိုဗိုင်းရပ် ၁၁၆ ခုကိုတွေ့ရှိရခြင်း ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေး ဘေးကင်းလုံခြုံရေး ဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုကဲ့သို့ ပိုလီယိုဗိုင်းရပ် တွေ့ရှိမှုအနေအထားက  လန်ဒန်မြို့တစ်ဝန်း၌ ထိုဗိုင်းရပ်ကူးစက် ပျံ့နှံ့နေပြီကို ပြသခြင်းဖြစ်ကြောင်း အဆိုပါဌာနက သြဂုတ် ၁၀ ရက်ထုတ်ပြန်ချက်တွင် ပြောသည်။

ယခုအချိန်အထိ ပိုလီယိုရောဂါဖြစ်ပွားမှု ရှိသည်ဟု သတင်းပေးပို့ချက်များ မရရှိသေးသော်လည်း ဖြစ်ပေါ်လာနိုင်သည့် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆရာဝန်များက အသက်တစ်နှစ်မှ ကိုးနှစ်ကြားရှိ ကလေးငယ်များကို ပိုလီယိုရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးပေးသွားမည်ဖြစ်သည်။

ပိုလီယိုရောဂါဖြစ်ပွားပါက ကုသနိုင်သည့် ဆေးဝါးမရှိသေးဘဲ ကာကွယ်ဆေးဖြင့်သာ ရောဂါကိုတားဆီးနိုင်ကာ ထိုဗိုင်းရပ်ကူးစက် ခံရသည့် ကလေးငယ်များ အနက် ၁ ရာခိုင်နှုန်းက အကြောသေဝေဒနာကို ခံစားရလေ့ ရှိကြောင်း သိရသည်။